သပိတ်ကျင်းနှင့် စဉ့်ကူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။
ယနေ့ မေ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ ကောင်းကင်မေမေ (ကားဝပ်လျှော့) အနီးကို တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ J-Frighter ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးပြီး ပြည်သူအများပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင်လည်း စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ အနီးတဝိုက်ကို တံတားဦးမှ တက်လာသည့် J-Frighter ၁ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူသေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိမှုများလည်း များပြားကြောင်း သိရှိရသည်။


