စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကောင်စီ တပ်သားများ မြှုပ်နှံထားခဲ့သည့် စစ်သား အလောင်း ၃ လောင်းကို တူးဖော်တွေ့ရှိ
ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကောင်စီ တပ်သားများ မြှုပ်နှံထားခဲ့သည့် စစ်သား အလောင်း ၃ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဆင်ဖြူကျွန်းမြို့နယ်နှင့် စလင်းမြို့နယ်အတွင်း အင်အား ၁၃၀ ဝန်းကျင်ဖြင့် ၁ လကျော်ကြာ ခြေလျင် လှည့်လည်စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တညောင်တိုက်နယ်ဘက်သို့ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိအခိုက် သေဆုံးမှုများပြားခြင်းကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ၉ ကြိမ် ဗုံးသီး ၄၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ဖြူကျွန်းတိုက်နယ်၊ နွယ်တမယ်ကျေးရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မသာ ရုပ်အလောင်း ၃ လောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တူးဖော်တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
“အလောင်းတွေက ပုတ်ပွနေလို့ အနားတောင် မကပ်နိုင်ဘူး။ အန်နေကြလို့ ရာသီဥတုကလည်း အရမ်းပူတယ် အဲတာကြောင့် တန်းမြေမြှုပ်ပြီး ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့တယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း) နှင့်အတူ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း၊ မကွေးတိုင်းဒရုန်းလက်ရုံး၊ မကွေးတိုင်း ပကဖ လက်ရုံးတပ်၊ CGF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
မေလ ၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း ဆင်ဖြူကျွန်းတိုက်နယ်၊ နွယ်တမယ်ကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းသည် ဆင်ဖြူကျွန်း-စလင်း လမ်းပိုင်းမှ မိုးဝန်း၊သရက်ချဉ်ကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ရွာသာကုန်း၊ မကျီးကုန်း မြစ်နားကျေးရွာများကို ထပ်မံစစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။
မေလ ၉ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ကင်းပုန်းပွိုင့်နှင့် စလင်းမြို့နယ် ပကဖ ရဲဘော်များ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁ ဦးလက်နက်ကြီး ကျည်စထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


