ဘန်ကောက်တွင် မိုးသည်းထန်နေချိန် မြန်မာနိုင်ငံသားစုံတွဲတစ်တွဲ ဆိုင်ကယ်မှောက်ပြီး ၂ ဦးစလုံးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ညပိုင်း မိုးသည်းထန်နေချိန် မြန်မာနိုင်ငံသားစုံတွဲတစ်တွဲ ဆိုင်ကယ်မှောက်ပြီး ၂ ဦးစလုံးသေဆုံးသွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မေလ ၁၀ ရက်နေ့ ညနေပိုင်း မိုးအလွန်သည်းထန်စွာ ရွာသွန်းနေချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနောက်မြောက်ဘက်၊ နော်သဘူရီခရိုင်တွင် အသက် ၃၈ နှစ်နှင့် အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စုံတွဲတစ်တွဲ လမ်းပေါ်တွင် သေဆုံးနေကြောင်း၊ ၎င်းတို့အနီးတွင် ဟွန်ဒါအမျိုးအစား မော်တော်ဆိုင်ကယ်ကိုလည်း တွေ့ရှိရကြောင်း သတင်းများက ဆိုသည်။
မျက်မြင်သက်သေတစ်ဦး၏ ကားပေါ်တွင် တပ်ဆင်ထားသော CCTV ကင်မရာ မှတ်တမ်းကို စစ်ဆေးရာ ဆိုင်ကယ်လဲသွားချိန် လင်မယား ၂ ဦးလုံးကို တစ်ဖက်လမ်းမှ လာသော ကားက တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်မိသောကားမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်မောင်းသွားကြောင်း သိရှိရသည်။
မြန်မာလင်မယား ၂ ဦး သေဆုံးမှုကို သမီးဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပြီး အနီးပတ်ဝန်းကျင်မှ CCTV ကင်မရာစစ်ဆေးပြီး တိုက်သွားခဲ့သော ကားမောင်းသမားကို ရှာဖွေ မေးမြန်းမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- Khaosod English ။


