ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ယနေ့ နံနက် အစောပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် အစောပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း မိန်းကလေးငယ် ၁ ဦး ဦးခေါင်းကို ထိခိုက် ဒဏ်ရာရရှိကာ အသက် အန္တရာယ် စိုးရိမ်ရပြီး လက်ရှိချိန်တွင် ဆေးခန်း၌ ကုသမှု ခံယူနေရကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဝက်လက်မြို့နယ် ၊သစ်စိမ့်ကျေးရွာကို တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၃၀၀ ဗုံးသီး ၁ လုံး အကြောင်းမဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နံနက် ၁၁ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ မဲတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတက်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံး အကြောင်းမဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွှေပန်းကုံးရွာက မိန်းကလေးငယ် ၁ ဦး ဦးခေါင်း ဒဏ်ရာရပါတယ်။ စိုးရိမ်ရတယ် အခုတော့ ဆေးခန်းမှာ ကုသနေပါတယ်။ သစ်စိမ့်ရွာကလည်း ပြည်သူ ၂ ဦး ဒဏ်ရာရ မစိုးရိမ်ရဘူးလို့သိရတယ်။ ဒီနေ့ တစ်ရက်တည်း ဗုံးကျဲ တိုက်ခိုက်ခံရတာ ကျေးရွာ ၃ ရွာရှိသွားပြီ မဲတောကုန်းရွာကတော့ ပြည်သူ ၆ ဦးလည်း ထိခိုက် ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ဝက်လက်မြို့နယ်၊ ရွှေပန်းကုံး ကျေးရွာကို အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို တွေ့ရှိရစဉ်။


