ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းမိ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်အရ သိရှိရသည်။
မေလ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းဝင်ရောက် လာသူ ၂၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ၊ အဆိုပါ မြန်မာနိုင်ငံသား ၂၂ ဦးသည် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း စစ်ဆင်ရေးဂိတ်များကို ရှောင်ရှားရန် ဆိုင်ကယ်များဖြင့် တောလမ်းများကို ဖြတ်သန်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၀၀၀၀ အကြားပေးရကြောင်း၊ ယင်းတရားမဝင် ဝင်လာသူများကို ထိုင်းအာဏာပိုင်များက တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်ထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


