ဝက်လက်နှင့် ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ စခန်းသာကျေးရွာနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းရှိ ငါးပိအိုးရွာကို တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ J-Frighter ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စခန်းသာရွာမှ အသက် ၂၀ ကျော်အရွယ် ကိုအောင်လှိုင်ဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ဒေါ်ယဉ်ယဉ် တို့ ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသည့် နွား ၂ ကောင်လည်း သေဆုံးပြီး နေအိမ် တချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“သေဆုံးသူ ၂ ဦးက အမျိုးသား အသက် ၂၀ ကျော် အရွယ်နဲ့ အမျိုးသားက အသက် ၃၅ နှစ်အရွယ်တွေလို့ သိရပါတယ်။ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာ သေဆုံးသူ ၂ ဦးလုံးက စခန်းသားရွာကပါ” ဟု Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။


