ကော့ကရိတ်တွင် အောင်ဇေယျ စစ်ဆင်ရေးတပ်၏ ကာကင်း စခန်းတစ်ခု KNLA က သိမ်းပိုက်ရရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောင်ဇေယျ စစ်ဆင်ရေးတပ်၏ ကာကင်း စခန်းတစ်ခု KNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ်မြို့ တတန်ကူးကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းမကြီးအနီးရှိ အောင်ဇေယျ စစ်ဆင်ရေးတပ် ကာကင်း စခန်းကို KNLA မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်တပ် အောင်ဇေယျ တတန်ကူးနဲ့ ရွာသစ်ကုန်းထိပ်မှာရှိတဲ့ ကာကင်းစခန်းပေါ့။ အရင်က DKBA ဗိုလ်နားမကြားတို့ ဂိတ်ထိုင်ခဲ့တဲ့နေရာ စကစ ရွှေကြက်မင်း နောက်တန်းစခန်းနဲ့တော့ ရွာထိပ်နဲ့ ရွာထဲပေါ့။ အာရှလမ်းကို Y12 က ၂ ရက်ရှိပြီ ပတ်ကျဲနေတာ ဒီမနက် ဂျက်နဲ့လည်း လာပစ်သေးတယ်။ အောက်ဘိုတဲဘက်ကို အဲ့ကြားကပဲ ကပ်တက်ပြီးသိမ်းတာ” ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောဆိုသည်။
လက်ရှိ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် မေလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ တတန်ကူးရွာ ရွှေကြက်မင်းကျောင်းနေရာနှင့် ရန်ကုတ်ဘုန်းကြီး ကျောင်းနေရာများရှိ အကြမ်းဖက်စစ်တပ်ကို KNLA မဟာမိတ်တပ်များ ပိတ်ဆို့တိုက်ခိုက်နေကြောင်း KNLA မဟာမိတ် စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
“တတန်ကူးတစ်နေရာထဲကိုဘဲ Y12 လာကျဲနေတာ ၂ ရက်ရှိပြီ ရွာအိမ်တွေ ပျက်ကုန်ပြီ စစ်တပ်က ရွာထဲမှာရှိနေတာရယ် ရွှေကြက်မင်းဘုန်းကြီးကျောင်းနဲ့ ရန်ကုတ်ဘုန်းကြီးကျောင်းဘက်ကို ကရင်အဖွဲ့ PDF အဖွဲ့တွေလာတိုက်နေတော့ အကာအကွယ်မရှိအောင်ဗုံးသီးကျဲ ဒရုန်းနဲ့လည်းကျဲပြီး ဖျက်ဆီးနေတာ မနှစ်က ဟိုဘက်ရွာကော့နွဲလည်း အဲ့လိုပဲ ဗုံးကျဲတာ အကုန်စီးကုန်ပြီ လူမရှိပေမယ့်ကျွဲ၊ နွားတွေ ဝက်တွေအကုန်ထိပြီး သေတာပဲ လူလည်း ပြန်မရဲသေးဘူး” ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။
လက်ရှိ ရက်ပိုင်းအတွင်းKNLA မဟာမိတ်တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် အောင်ဇေယျစစ်ဆင်ရေးတပ်တွေကို အပြီးသတ်ရှင်းလင်းရန် နောက်တန်းအထိုင်စခန်း ရွေကြက်မင်းကျောင်းနေရာနှင့် တောနော်ရေတံခွန်တောင်ကြောဘက်ကရှေတန်းစစ်ကြောင်းနေရာသာ ကျန်တော့ကြောင်းနှင့် စစ်ကူပြတ်၊ ရိက္ခာပြတ်ဖြစ်နေပြီဖြစ်ကြောင်း KNLA မဟာမိတ်စစ်ကြာင်းတပ်ဖွဲ့ဝင်များပြောဆိုချက်အရ သိရပါသည်။

