25.9 C
Yangon

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသော စစ်ရာဇဝတ်မှုများကို အာဆီယံ နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်ပြစ်တင်

Must read

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသော စစ်ရာဇဝတ်မှုများကို အာဆီယံ နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်ပြစ်တင်

ရန်ကုန်၊ မေ ၁၆

ကလေးငယ် ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ရာဇဝတ်မှုများကို အာဆီယံက နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။

မြန်မာ့အရေး ဘုံသဘောထားငါးရပ်သည် အာဆီယံ၏ မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုမရှိ၊ ပျက်ကွက်နေမှုများအတွက် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းမျိုးသာဖြစ်ပြီး၊ တချိန်တည်းတွင်ပင် အာဆီယံအဖွဲ့ဝင်တချို့နှင့် ၄င်းတို့နှင့်ဆက်စပ် လူချမ်းသာတစ်စု၏ ပံ့ပိုးမှုများကြောင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းများ ဆက်လက် စီးဆင်းနေကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) ကဝေဖန်ပြောဆိုခဲ့သည်။

အထူးသဖြင့် ချမ်းသာကြွယ်သော အာဆီယံသူဌေးကြီးများက စစ်အုပ်စုကို ထောက်ပံ့နေသ၍၊ မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများက ကလေးသူငယ်များ၏ အသက်များအား ဆက်လက်ခြိမ်းခြောက်နေသ၍ အာဆီယံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနေသည်ဟု ပြောဆိုခွင့် မရှိကြောင်းလည်း JFM က ပြတ်ပြတ်သားသား ထုတ်ပြန်ပြောဆိုထားသည်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights အဖွဲ့ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မမြင်ချင်ယောင်ဆောာင် လစ်လျူရှုထားသည့် လက်ရှိချဥ်းကပ်မှုကို စွန့်လွှတ်သင့်ပြီး၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အဆုံးသတ်စေရန်အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော် အရေးယူသင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းများက မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချခြင်းများအား တားမြစ်ပိတ်ပင်ရန် အရေးပေါ်အစီအမံများ ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် ယခုမေလကုန်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌမလေးရှား နိုင်ငံအနေဖြင့် မြန်မာအရပ်သားပြည်သူများအား ကာကွယ်နိုင်ရန်အတွက် အရေးပေါ်အစီအမံများ အဆိုပြုသင့်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

အခြားလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Defend Myanmar Democracy (DMD) ကလည်း အာဆီယံအနေဖြင့် သွေးစွန်းနေသည့် စစ်အုပ်စုနှင့် လက်ဆွဲနှုတ်ဆက်မှုများ ရပ်တန့်ချိန်တန်ပြီဟု သတိပေးပြောဆိုခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံသံတမန်ရေးရာ နေရာသည် မြန်မာပြည်သူတို့၏ တရားဝင် ကိုယ်စားလှယ်များအတွက်သာ ဖြစ်ရမည်ဖြစ်ပြီး၊ တရားမဝင် အကြမ်းဖက်စစ်အုပ်အတွက် မဟုတ်ဟု DMD ကဆိုလိုက်သည်။ ထို့အပြင် အာဆီယံအနေနှင့် ၄င်းတို့၏အစည်းအဝေးများတွင် မြန်မာပြည်သူတို့၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအား ဖိတ်ကြားရန်ကိုလည်း တောင်းဆိုထားသည်။

အချုပ်အားဖြင့် အာဆီယံသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ဖြေရှင်းရန် ကူညီပေးခြင်းထက်၊ လက်တွေ့တွင် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်း၊ စစ်ဘက်လေ့ကျင့်သင်ကြားမှုများ ပေးအပ်ခြင်း၊ စစ်အုပ်စုနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးလုပ်ငန်းများအား မျက်ကွယ်ပြုပေးထားခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား လောင်စာဖြည့် မီးထိုးပေးနေကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အာဆီယံသည် စစ်အုပ်စုက ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်စေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြစ်တင်ခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article