25.6 C
Yangon

စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ အရာရှိနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ တင်းကျပ် ကန့်သတ်

Must read

စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ အရာရှိနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ တင်းကျပ် ကန့်သတ်

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက် စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ လေတပ်အရာရှိများနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ ကန့်သတ်လိုက်ကြောင်း လေတပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ရာချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေတပ်မှ အရာရှိနှင့်စစ်သည်များ၊ မိသားစုဝင်များကို လက်စားချေ တိုက်ခိုက်ကြရန် လူမှုကွန်ရက်တွင် လှုံ့ဆော်ခြင်း၊ စစ်တပ်အရာရှိ၊စစ်သည်နှင့်မိသားစုများ၏ ဓာတ်ပုံမှတ်တမ်း များကို လူမှုကွန်ရက်တွင် ဝေမျှခြင်းများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လာကြောင်း၊ ယင်းအခြေအနေများ ကြောင့် စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ လူမှုကွန်ရက်အသုံးပြုမှုများကို အထူးကိစ္စတစ်ရပ်အနေဖြင့် ကန့်သတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူမှုကွန်ရက်တွေမှာ မိမိတို့ရဲ့ နာမည်အစစ်၊ မိသားစုပုံ၊ ဆွေမျိုး၊ သားသမီးပုံတွေ တင်ထားတာရှိရင် ဖယ်ရှားဖို့၊ Facebook မှာဆိုရင် Profile Lock ချထားဖို့ ၊ တာဝန်ထမ်းဆောင်ရတဲ့ တပ်၊​ လေယာဉ်အမျိုးအစားပုံတွေ မတင်ဖို့၊ TikTok မှာ လေယာဉ်ပျံသန်း တာဝန်ထမ်းဆောင်ချိန် ဗီဒီယိုတင်တာတွေ မလုပ်ဖို့ ယခင်ကတည်းက တင်ထားပြီးသားတွေရှိရင် ချက်ချင်းဖြုတ်ပယ်ရှားကြဖို့ လေတပ်တွေမှာ ညွှန်ကြားပါတယ်။ အကယ်၍ ညွှန်ကြားချက် မလိုက်နာရင် လိုအပ်တဲ့ အရေးယူမှုတွေ လုပ်မယ်ဆိုတာမျိုး သတိပေးမှုတွေရှိနေပါတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခင်ကတည်းက လေတပ်အတွင်း လူမှုကွန်ရက်အသုံးပြုမှုနှင့်ပတ်သက်၍ တားမြစ်ချက်များစွာရှိသော်လည်း တင်းကျပ်မှုမရှိကြောင်း၊ သို့ရာတွင် ယခုအခါ လေတပ်အရာရှိများ၊ စစ်သည်များနှင့်မိသားစုဝင်များကို ဦးတည်သော လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိလာခြင်းကြောင့် မူလရှိရင်းစွဲ ကန့်သတ်တားမြစ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စစ်ကောင်စီထိပ်ပိုင်းက ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လေတပ်များတွင် တိုက်လေယာဉ်မောင်း ပိုင်းလော့များ၏ မိဘနှင့်ဆွေမျိုးအရင်းများကို တပ်အတွင်းသို့ ခေါ်ယူနေထိုင်ခွင့်ပြုထားပြီး ယခင်က ပြည်သူအများအပြား သေဆုံးသော လေကြောင်းတိုက်ခိုက်မှုများ ရှိလာသည့်အခါတိုင်း လုံခြုံရေးအရ လေတပ်အတွင်း မကြာခဏ လာရောက် နေထိုင်မှုများရှိကြောင်း သိရှိရသည်။

“သေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင် လေတပ်ထဲကို အရာရှိမိသားစုတွေ မိဘဆွေမျိုး ခဏလာရှောင် နေထိုင်ကြတာမျိုးက မကြာခဏ ရှိပါတယ်။ အဲဒီလို နေထိုင်နိုင်ဖို့အတွက်လည်း ရိပ်သာတွေနဲ့ အရာရှိအိမ်ရာတွေကို သေသေ ချာချာ ဆောက်လုပ်ပေးထားတာရှိတယ်။ နည်းနည်း အခြေအနေ ပြန်ငြိမ်သွားပြီဆိုရင် တချို့လည်း သူတို့နေရပ် တပ်အပြင်ကို ပြန်သွားကြတယ်။ တချို့လည်း မပြန်ကြတော့ဘူး” ဟု လေတပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက လေတပ်အရာရှိများ၏ လိပ်စာများ၊ မိဘဆွေမျိုးများ၏ လိပ်စာကို ယခင်က မကြာခဏဆိုသုလို ဖော်ပြခဲ့ပြီး ယင်းသို့ ဖော်ပြခံရသည့်အခါတိုင်း အဆိုပါ လိပ်စာများတွင် နေထိုင်သော လေတပ်အရာရှိများ၏ မိဘဆွေမျိုးများက နေရာရွှေ့ပြောင်းခြင်း၊ အိမ်နှင့်ခြံများ ရောင်းချ ပြောင်းရွှေ့ခြင်းများလည်း လုပ်ဆောင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေတပ်နှစ်ပတ်လည်နေ့တွင် တိုက်လေယာဉ်အုပ်မှူးတစ်ဦးကို ဂုဏ်ပြုဆုပေးနေသည့် အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article