27.2 C
Yangon

လက်ပံတန်းတွင် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည် ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ၊ တောင်ငူနှင့်အုတ်ဖိုမြို့နယ်တို့တွင် လူငယ်များ စစ်သားအဖြစ် စုဆောင်းနေ

Must read

လက်ပံတန်းတွင် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည် ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ၊ တောင်ငူနှင့်အုတ်ဖိုမြို့နယ်တို့တွင် လူငယ်များ စစ်သားအဖြစ် စုဆောင်းနေ

ရန်ကုန်၊ မေ ၁၇

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်တပ်ဂိတ်အနီး ဖြတ်သန်းစဉ် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည်ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှု ထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး သွားကြောင်း ဖမ်းဆီးခံရသူ လူငယ် ၏မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အနောက်ခြမ်း၊ ဇီဖြူကုန်းအုပ်စု ဓနင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝင်း နှင့် တပည့် အောင်ဝင်းသန်းတို့က စစ်တပ်၊ ပျူစောထီးများနှင့်ပူးပေါင်းပြီး ဂိတ်ချ လုံခြုံရေးကင်းဆောင်ရွက်နေစဉ် လူငယ် မောင်အငယ်ကောင် (ခေါ်) မောင်လွင်ဖြိုးကို လူမိုက်ကြည့် ကြည့်သည်ဟုဆိုကာ စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီး ပေါ်တာဆွဲသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အငယ်ကောင် (မောင်လွင်ဖြိုး)က သူ့ဟာသူ လမ်းလျှောက်ရင်း အုပ်ကြီးနဲ့ စစ်သားတွေရှိနေတဲ့ ကင်းလှည့်ဂိတ်ကို လှမ်းကြည့်တာ။ အဲဒါကို ဂြိုလ်ကြည့် ကြည့်တယ်၊ လူမိုက်ကြည့် ကြည့်တယ်ဆိုပြီး ဖမ်းသွားတာ။ စစ်ထဲထည့် မယ်ပြောတယ်။ “မင်းက ငါတို့ကို ဘယ်လို အကြည့်နဲ့ ကြည့်တာလဲ” ဆိုပြီး ဖမ်းသွားတာ။ အပြစ်မရှိ အပြစ်ရှာ ဖမ်းသွားတာပါ” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေက ရှင်းလင်းပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ဂုဏ်မင်းအိုင် ကျေးရွာတွင်လည်း စစ်တပ်က ရွာအတွင်း ဝင်ရောက်စီးနင်းပြီး လူငယ်များကို ဖမ်းဆီးခြင်း၊ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“တိုက်ပွဲတွေ ဘာတွေလည်းမရှိပါဘူး။ အဲဒါ စစ်သားတွေ အလုံးအရင်းနဲ့ဝင်လာပြီးတော့ ရွာသားတွေ အထူး သဖြင့်တော့ လူငယ်တွေကို ရွာဦးကျောင်း ဓမ္မာရုံကို ခေါ်တယ်။ ပြီးတော့ ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်။ သူတို့ ခေါ်တာ မလာတဲ့ အိမ်တွေက ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ မေလ ၁၃ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တောင်ကုန်းကျေးရွာတွင် စစ်မှုထမ်းခိုင်းရန် စစ်တပ်က လူငယ် ၂ ဦး လာရောက် တောင်းခံခဲ့ရာ ကျေးရွာက မပေးသဖြင့် ရွာအတွင်းမှ လူငယ်များကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ကျေးရွာမှ လူငယ်များအားလုံး အချိန်မီ တိမ်းရှောင်နိုင်ခဲ့၍ လူငယ် ၁ ဦးသာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ တစ်ရွာကို လူငယ် ၂ ဦးတောင်းတာ မပေးလို့ဆိုပြီး ရွာထဲဝင်ဖမ်းတယ်။ အဲဒါ ဘုန်းကြီးကျောင်းထဲ အထိပါ ဝင်ဖမ်းတာ။ သူတို့လိုချင်တဲ့ ၂ ဦးတော့ မရသွားဘူး။ ၁ ဦးပဲရသွားတယ်။ အခုတော့ နောက်တစ်ခါလာလို့ လူမရရင် ရွာကို မီးရှို့မယ်ဆိုပြီး စစ်တပ်က ကြိမ်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်များကို လစဉ် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် မေလတွင် စစ်မှုထမ်းအပတ်စဉ် ၁၃ ကို ဖွင့်လှစ်တော့မည်ဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများကို ဂိတ်ချစစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article