25.6 C
Yangon

ရမည်းသင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရမည်းသင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန် ၊ မေ ၁၇

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ရမည်းသင်းမြို့နယ် အမြန်လမ်း အနောက်ဘက် ၊ လွှစဉ် တိုက်နယ်အုပ်စု ကျောက်အိုးလေးကျေးရွာအရှေ့ဘက် ရဲစခန်းအနီးမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ကျောက်အိုးလေးကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး ရမည်းသင်းခရိုင် ပကဖ ရုံးစခန်းကို မီးရှို့ဖျက်ဆီးလာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဒီကောင်တွေက စစ်ကြောင်း အင်အား စစ်သုံးကြောင်းနဲ့ ထိုးလာတာပါ။ ကျနော်တို့ဘက်ကို နယ်​မြေ ရှင်း လင်းရေးပေါ့။ အဲဒီလိုလုပ်လာတဲ့ အချိန်မှာ ကျနော်တို့ စခန်းကို စစ်ကြောင်း ပေါက်လာတယ် ။အဲဒီလို ပေါက်လာတဲ့အချိန်မှာ စခန်းကိုဝင်ပြီး မီးရှို့သွားတယ်။ စခန်းကို မီးရှို့တဲ့အချိန်မှာ စခန်းမှာ တိုက်မိုင်းတွေ ထကွဲ ပြီး ဒီကောင်တွေ ၃ ကောင် ကျသွားတယ်။ သေတာ ပထမဆုံး မိုင်းဆွဲတိုက်တဲ့နေရာမှာ ၃ ကောင်သေတယ်။နောက် ကျွန်တော် စခန်း မီးရှို့ခံရတော့ နောက်ထပ် ၃ကောင်သေတယ်” ဟု တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် မေလ ၁၁ ရက်နေ့ နှင့် မေလ ၁၂ ရက်နေ့တို့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန် ပြည်သူ့စစ်ရွာတွင် အထိုင်ချတပ်စွဲကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ရော့ကတ်များဖြင့် ပစ်ခတ်ခြင်း ၊ မိုင်းဆွဲခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်အချိန်နှင့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တို့တွင် ရှင်မကန်တောကျောင်းတွင် ယာယီတပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို ရော့ကတ် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၁၆ ရက်နေ့တွင်လည်း ရှင်မကန်ရွာကို ရော့ကတ် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မေလ ၁၆ ရက်နေ့ စစ်တပ်က ရှင်မကန်တောကျောင်းမှ ကား ၄ စီးဖြင့် ပခုက္ကူတပ်မ ၁၀၁ သို့ ထွက်ခွာလာသည်ဟု သတင်းရရှိ၍ လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။။

စစ်တပ်ကို မိုင်းဆွဲခံရသည့်နေရာတွင် MA ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၂၄ တောင့် ကျန်ရစ်ခဲ့ပြီး စစ်ဆင်ရေးတိုက်ခိုက်မှုများကို ပခုက္ကူခရိုင် ပကဖ-ခွဲ-၅ဧရာဒေါင်းတပ်ဖွဲ့၊ ဧရာဒေါင်းတပ်စိတ်၊ PLOတပ်ဖွဲ့ ၊ COBRA ONE Pakokku တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသည့် စစ်တပ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article