26.5 C
Yangon

မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေသည့် ဂုဏ်သရေပျက် ထိုင်းသူဌေးကြီးနှစ်ဦး

Must read

ရန်ကုန်၊ မေ ၁၇

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည့် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းအား Justice For Myanmar (JFM)အဖွဲ့က မေလ ၁၂ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှ သူဌေးကြီး ၂ ဦးပါဝင်နေသည်။

(၁) ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ

===============

ထိုင်းသူဌေးကြီး ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ သည် Thai Beverage တည်ထောင်သူ၊ TCC Group နှင့် Fraser & Neave တို့၏ ဥက္ကဌဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလီယံပိုင်ဆိုင်မှုဖြင့် ထိုင်းနိုင်ငံတွင် တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

၎င်းသည် အဖျော်ယမကာကော်ပိုရေးရှင်းများဖြစ်သည့် ThaiBev နှင့် Fraser & Neave တို့အား ထိန်းချုပ်ထားပြီး၊ ယင်းကော်ပိုရေးရှင်းကြီးများသည် မြန်မာစစ်အုပ်စုထံ အဓိကအခွန်ပေးဆောင်သည့် လုပ်ငန်းကြီးများဖြစ်သည်ဟု JFM ကဆိုသည်။

ThaiBev ၏ မြန်မာကုမ္ပဏီခွဲသည် ၂၀၂၁ ခုနှစ်၊ စတုတ္တလေးလပတ်တစ်ခုထဲတွင်ပင် အမေရိကန် ဒေါ်လာ ၁၄ မီလီယံနှင့် ညီမျှသည့် ကျပ်ငွေ ၂၅.၉ ဘီလီယံကို (အထူးကုန်စည်ခွန်အဖြစ်) စစ်အုပ်စုထံ ပေးချေခဲ့သည်။

ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ၏ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီခွဲ Fraser & Neave သည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၃ ခုနှစ်၌ပင် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းသစ်များ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

(၂) ချတ်ချိုင်းရန်ဘမ်ဝေါင်

====================

ထိုင်းသူဌေးကြီးချတ်ချိုင်းရန်ဘမ်ဝေါင်သည် Northern Gulf Petroleum ၏ အမှုဆောင်ဒါရိုက်တာဖြစ်သလို၊ ထိုင်းနိုင်ငံတွင် အောင်မြင်သောရင်းနှီးမြှုပ်နှံမှုများနှင့် ပုံရိပ်ရှိသည့် ထိုင်းသူဌေးကြီးတစ်ဦးဖြစ်ပြီး ၄င်း၏ မသမာသည့်စီးပွားရေးလုပ်ငန်းများအတွက် ပြည်ပတွင် ကုမ္ပဏီများစွာ ဟန်ပြဖွင့်လှစ်ထားသည်ဟု Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းသည် ယခင်ထိုင်းဝန်ကြီးချုပ်၊ လုပ်ဖော်ကိုင်ဖက်သူဌေးကြီး သက်ဆင်ရှင်နာဝပ်ထရာ၏ စီးပွားရေး အလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ယခင်ဝန်ကြီးချုပ်ဟောင်း ချဗာလစ်ယောင်ချိုင်ယွတ်၏ အကြံပေးလည်း ဖြစ်ခဲ့သည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အခြားနိုင်ငံခြားရေနံကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ အလောတကြီးထွက်ခွာရသည့်အချိန်တွင် ရန်ဘမ်ဝေါင်က အခွင့်အလမ်းအဖြစ် မြင်ခဲ့သည်။

၂၀၂၂ ခုနှစ် တွင် ရန်ဘမ်ဝေါင်သည် မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ကွက်ကြီးတစ်ခုဖြစ်သော ရဲတံခွန်ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ပိုက်လိုင်းကို မလေးရှားနှင့် ဂျပန်စီးပွားရေး လုပ်ငန်းများစုပေါင်းအဖွဲ့ထံမှ ရယူခဲ့ပြီး၊ စစ်အုပ်စု ထိန်းချုပ်ခံ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် မိတ်ဖက်ပြု ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းကြီးက မြန်မာပြည်သူများအပေါ် ဖိနှိပ်အကြမ်းဖက်ရာတွင် စစ်အုပ်စုအသုံးပြုမည့် ဝင်ငွေလမ်းကြောင်းတစ်ရပ်ကို ထောက်ပံ့ပေးအပ်နေကြောင်း JFM ကဆိုသည်။

အဆိုပါ ထိုင်းသူဌေးကြီးနှစ်ဦး၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများမှ (စစ်အုပ်စုသို့) အခွန်ပေးချေမှုများသည် မြန်မာပြည်သူများအား အကြမ်းဖက်၊ ဖိနှိပ်ရန်အတွက် ကုန်ကျစရိတ် အလွန်များပြားသော လေကြောင်းတိုက်ခိုက်မှုများအပေါ် အကြီးအကျယ်မှီခိုနေရသည့် စစ်အုပ်စုအတွက် ကြီးမားသော ဝင်ငွေရပေါက်ရလမ်းအဖြစ် ကူညီပေးလျက်ရှိသည်ဟု JFM က အခိုင်အမာ ပြောဆိုသည်။

ထို့ကြောင့်၊ ထိုသို့ ချမ်းသာကြွယ်သော အာဆီယံသူဌေးကြီးများက စစ်အုပ်စုကို ထောက်ပံ့နေသ၍၊ မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများက ကလေးသူငယ်များ၏ အသက်များအား ဆက်လက်ခြိမ်းခြောက်နေသ၍ အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနေသည်ဟု ပြောဆိုခွင့် မရှိကြောင်း JFM က ပြတ်ပြတ်သားသား ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article