ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းတပ်များက ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျမှုရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထ့သို့ အတည်ပြု ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း၊ အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်ပြီး အရေးပေါ် ဆင်းသက်သွားခဲ့ကြောင်း သိရှိရသည်။
” ဒီနေ့ မွန်းလွဲ ၁ နာရီမှာ ဗန်းမော် စကခ ၂၁ ထဲကို စစ်ကူအင်အား လာဖြည့်တဲ့ ရဟတ်ယာဉ် ၃ စီး ဆင်းတယ်။ အဲဒီမှာ ပစ်ခတ်ရာမှာ ၂ စီးထိမှန်တယ်။ ရဟတ် ယာဉ် ၁ စီးကတော့ ရွှေကူနဲ့ ၁၅ မိုင်အကွာမှာ ပျက်ကျပြီးတော့ မီးလောင်ပျက် စီးတယ်။ နောက် ထိမှန်တဲ့ ၁ စီး ကတော့ ရွှေကူမှာ အရေးပေါ် ဆင်းသက်ရတယ်” ဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင် တိုက် ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ၅ လကျော်ကြာသည်အထိ နှစ်ဖက်တိုက်ပွဲများ ဆက် လက် ပြင်းထန်နေဆဲဖြစ်သည်။
ယခင်ကလည်း KIA က စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို ပျက်သည်အထိ ပစ်ချနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ် လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မ တော်( KIA) က ပစ်ချခဲ့သဖြင့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီး။ (ပုံအဟောင်းဖြစ်ပါ သည်။)
