မကွေးအကျဉ်းထောင်တွင် အကျဉ်းသားများ သောက်သုံးရေသန့် ဈေးနှုန်း ကြီးမြင့်မှုကြောင့် အကျဉ်းသားတိုင်း ရေမဝယ်သောက်နိုင်ဘဲ သောက်ရေသန့် မရှိ၍ ဆီးကျောက်တည်သူ အကျဉ်းသားဦးရေ များပြားလားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ယခင်က သောက်ရေသန့် ၂၀ လီတာဘူးကို ကျပ် ၈၀၀ နှင့် ရောင်းသော်လည်း လက်ရှိတွင် အကျဉ်းဦးစီးအရာရှိ မင်းလွင်ဦးက ၂၀ လီတာဘူးများကို သိမ်းကာ ၁ လီတာရေသန့်များကို တစ်ဘူးလျှင် ကျပ် ၆၀၀ နှင့် ရောင်းစားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အကျဉ်းသားတိုင်းဝယ်မသောက်နိုင်ဘူး။ သောက်ရေသန့်မရှိတော့ ဆီးကျောက်တည်တဲ့လူတွေများလာတာပေါ့” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းသားများကို အိပ်ဆောင်အခန်း မဖွင့်ပေးသည်မှာလည်း ၁ လကျော်ကြာမြင့်နေပြီဖြစ်သလို ထောင်ဝင်စာများကိုလည်း ကန့်သတ်ချက်ဖြင့် သွင်းရ၍ အကျဉ်းသားများ၏ စားသောက်ရေး ခက်ခဲနေကြကာ မိသားစုနှင့် ဧည့်တွေ့ခွင့်မရသည်မှာလည်း ၁ လကျော် ကြာပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးဗဟိုအကျဉ်းထောင်တွင် ထောင်အရာရှိများက အကျဉ်းသားများကို ရိုက်နှက်၍ အကျဉ်းသား သေဆုံးမှု ရှိခဲ့သော်လည်း အရေးယူခြင်းမခံရသည့်အပြင် ၎င်းတို့ ရိုက်နှက်နှိပ်ဆက်သည့် အကျဉ်းသားများကိုလည်း အပြင်ဆေးရုံတွင် ဆေးကုသမှု ပိတ်ပင်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ၊ နိုင်ငံရေးအကျဉ်းသား အစ္စလာမ်ဘာသာရေးခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်းဦးစီး အရာရှိ မင်းလွင်းဦး ခေါ် ကျွဲကြီးနှင့် အပေါင်းပါများက ဝိုင်းဝင်းရိုက်နှက်ခဲ့၍ သေဆုံးခဲ့ရမှုကို လက်ရှိအချိန်အထိ အရေးယူခံရခြင်းမရှိသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။
မကွေးအကျဉ်းထောင်သည် ဧပြီလ ၁၃ ရက်နေ့တွင် Drop ဗုံး နှစ်လုံး ကျခဲ့ပြီး အဆိုပါ ဖြစ်စဉ်အပြီးတွင် အဆောင်ကိုယ်စားလှယ်အကျဉ်းသားများနှင့် ယခင်က အကျဉ်းသားအခွင့်အရေးတောင်းဆိုဖူးသူများကို အကျဉ်းထောင်အာဏာပိုင်များက အဆောင်မှ ပြစ်ဒဏ်ကို ခေါ်ကာ ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့၍ ကိုမြတ်ကို သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဲဒီ လူသတ်မှု့ကိုလည်း ဘာမှအရေးယူခြင်းမခံရတော့ ထောင်ထဲက အကျဉ်းသားတွေက ကျွဲကြီးကို ပိုကြောက်လာတယ် သူတို့ ရိုက် နှိပ်စက်ထားတဲ့ အပြင်းအထန် ဒဏ်ရာရသူတွေကို အပြင် ဆေးရုံ ထုတ်မပေးဘူး။ သူတို့လုပ်ရပ်ကို အပြင်က လူသိမှာစိုးလို့” ဟု အကျဉ်းထောင်ပြင်ပနိုင်ငံရေးနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် ဦးစီးအရာရှိ မင်းလွင်ဦးသည် ထောင်ပိုင်ကြီးဖြစ်သူ ဇော်မင်းအောက်ထက် လုပ်ပိုင်ခွင့် အာဏာပိုရှိကာ ထောင်ပိုင်ကြီးသည်လည်း မင်းလွင်ဦးကို ကြောက်ရွံ့နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။
ထို့ပြင် အဆောင်များတွင် ရှာဖွေရေးဟုဆိုကာ အကျဉ်းသားများဆီမှ ယခင်က သူတို့ တရားဝင်သွင်းပေး၍ ဝယ်ထားသည့် ပစ္စည်းအကောင်းများတွေ့လျှင် သိမ်းဆည်းကာ ကားနှင့် တိုက်၍ အပြင်သို့ သယ်သွားကြောင်း၊ အောက်ခြေဝန်ထမ်းများသည် မျက်နှာသစ်ဆေး၊ သွားတိုက်ဆေးက အစ အကျဉ်းသားများဆီက သိမ်းယူခြင်းများ လုပ်ဆောင်ကာ နေစဉ်လိုလို လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ထောင်ထဲမှာက နေ့စဉ်လိုလို လူ့အခွင့်အရေးတွေချိုးဖောက်ခံရတယ်။ သူတို့ ကြည့်မရသူတွေကို ခြေခြင်းခတ်တာတွေ၊ ဖားခုန်ခုံခိုင်းတာတွေ၊ ရိုက်တာတွေ မင်းလွင်ဦး က အပျင်းပြေလုပ်နေတယ်။ အကျဉ်းသားတွေ နှိပ်စက်နေရရင် မင်းလွင်ဦးက ပျော်ရွှင်နေတယ်။ အကျဉ်းထောင်အရာရှိ ဒေါ်အေးအေးသွဲ့နှင့်လည်း လူမှုရေးဖောက်ပြန်နေတယ်။ နောက် အကျဉ်းထောင်ဝန်ထမ်း အမျိုးသမီးငယ်တွေကိုလည်း ခြေတော်တင်နေတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
