ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းအဖွဲ့က ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျသွားခဲ့ပြီး ပျက်ကျသွားသည့် ၁ စီးကို ရွှေကူမြို့နယ် စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ပြီး လေယာဉ်မှူး မိုးထက်အောင်၏ ရုပ်အလောင်းကို ရှာတွေ့ ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော် စကခ ၂၁ သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ် ၃ စီးကို KIA ပူး ပေါင်းတပ်များက ပစ်ချခဲ့ခြင်းဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်လိုက်နိုင်သော စစ်ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့ ၊ ဧရာ၀တီမြစ်အနောက်ဘက်အခြမ်း KIA တပ်ရင်း ၅ နယ်မြေရှိ တောထဲသို့ ပျက်ကျသွားကြောင်း၊ ယင်းရဟတ်ယာဉ်ပျက်နေရာသို့ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ယင်းရဟတ်ယာဉ်တွင် စစ်တပ်မှ ဗျူဟာမှူးနှင့်အဖွဲ့ပါဝင်ပြီး အားလုံး သေဆုံးကြောင်း သိရှိရသည်။
“ဗျူဟာမှူး လာလဲတာ။ အဲဒီရဟတ်ယာဉ်က ပစ်လိုက်တာ ထိမှန်ပြီးတော့ ရွှေကူကနေ ဧရာ၀တီ မြစ်အနောက်ဘက် KIA တပ် ရင်း ၅ တောထဲမှာ ပျက်ကျတယ်။ အဲဒီနေရာကို ငါတို့ KIAကလူတွေ ရောက်နေပြီ။ နောက် ၁ စီးကတော့ ရွှေကူမှာ အရေးပေါ် ဆင်းတာမှာ ဘေးစောင်းကြီး လဲဆင်းသွားတယ်။ ပန်ကာကျိုးသွားတယ်။ပျံတက်လို့မရတော့ဘူး။ ငါတို့ပစ်တာရဟတ်ယာဉ် ၂ စီးစလုံး ပျက်သွားတယ်။ တောထဲမှာ ပျက်သွားတဲ့ ရဟတ် ယာဉ်မှာ ဗျူဟာမှူးပါတယ်။ အားလုံးသေတယ်။ ငါတို့ အဖွဲ့တွေရောက်နေပြီ။ ရွှေကူမှာ အရေးပေါ် ဆင်းတဲ့ကောင်က ပန်ကာကျိုးသွားပြီ ဘေးစောင်းကြီးလဲနေတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ယခင်ကလည်း KIA က စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို ပျက်သည်အထိ ပစ်ချနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့ နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ Mi-17 ရဟတ် ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ် လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မ တော် ( KIA) က ပစ်ချခဲ့သဖြင့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။


