မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မိုးရွာသွန်းပြီး ငလျင်ကြောင့် ပြိုလက်စ အဆောက်အအုံ တစ်လုံး ထပ်မံပြိုကျမှုဖြစ်သဖြင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်မှ ပြည်သူလူများကို ဘေးလွတ်ရာ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၂ နာရီကျော်ခန့်အချိန် မိုးရွာသွန်းမှုဖြစ်ပွားပြီး မန္တလေးမြို့ ၊ မဟာ အောင်မြေမြို့နယ် ၊ ပဲပုတ္တန်းရပ် ၊ ၈၉ လမ်း – ၃၆ / ၃၇ လမ်းပေါ်ရှိငလျင်ဒဏ်ကြောင့် ပြိုကျနေသော အဆောက်အဦးတစ်လုံး ထပ်မံပြိုကျမှုဖြစ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွင်းနေ ပြည်သူများ၊ ပစ္စည်းများကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိဘူး။ တဖက်အိမ်ကို ပိဖို့အတွက် ဓာတ်ကြိုး ၃ ချောင်းကတင်းခံနေလို့၊ အဲလိုမ ဟုတ်ရင် အဲဒီဘက်အိမ်ပေါ်ကို အကုန်လုံးအပိပဲ၊ အဆောက်အအုံ တစ်ဖက်ကို စောင်းသွားတာ၊ စောင်းပြီး ဓာတ်ကြိုး ၃ ချောင်းက ခံနေတာ၊ လူတွေပဲ ဖယ်ထုတ်ခဲ့ရတာ၊ အဲနားပတ်ချာလည် လူတွေ အကုန်လုံးဖယ်ထုတ်ပြီး ပစ္စည်းတွေ၊ လိုချင်တာတွေကိုအကုန်ထုတ်ကူပေးပြီး ရှင်းလင်းခဲ့ရတာပေါ့၊ လက်ရှိအချိန်ထိပဲ တိုက်က ဓာတ်ကြိုး ၃ ချောင်းနဲ့တင်းခံပြီး စောင်းစောင်းကြီးဖြစ်နေတာ၊” ဟု “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မေလ ၁၇ ရက်နေ့ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေကူဘုန်းကြီးကျောင်းတိုက် ငလျင်ကယ်ဆယ်ရေစခန်းတွင် ငလျင်လှုပ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲကျပြီး သားအဖ ၂ ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ရသည်



