30 C
Yangon

ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ ပေါင်းတည်မြို့နယ် စစ်ကောင်စီ၏သိမ်ကုန်း တာဝါတိုင်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန်ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ယင်းနောက် သိမ်ကုန်းတာဝါတိုင် စစ်တပ်စခန်းသို့ ထွက်ပြေးဝင်ရောက်သွားသဖြင့် တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ ၁၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး သိမ်ကုန်းတာဝါတိုင်စခန်းမှ ထွက်ပြေး စွန့်ခွာသွားကြောင်း၊ ထို့ကြောင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့များမှ သိမ်ကုန်းတာဝါတိုင် စစ်ကောင်စီအထိုင်စခန်းကို အပြီး သတ် သိမ်ပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သိမ်ကုန်းတာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများက ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ‌အနီးနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏဆိုသလိုတိုက်ပွဲများဖြစ်ပွား‌လေ့ရှိပြီး ယခုအခါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၂ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

“မေလ ၁၂ ရက်နေ့မှာ သစ်ပုတ်စခန်းကို ရတယ်။ မေလ ၁၉ ရက်နေ့မှာ သိမ်ကုန်းတာဝါတိုင်စခန်းကို ရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadowက ရှင်းပြသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း ၃၆၀၂ ၊ တပ်ရင်း ၃၆၀၁ နှင့် ပြည်ခရိုင်ပကဖအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article