ရန်ကုန် ၊ မေ ၂၁
မြန်မာနိုင်ငံမှ သူနာပြု ဘွဲ့နှင့် ဒီပလိုမာရ သူနာပြုများကို စင်ကာပူတွင် လိုင်စင်ရသူနာပြု စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုခြင်းမပြုနိုင်ရန် စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းနေကြသည့် စင်ကာပူရောက် မြန်မာသူနာပြုတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် Bachelor နှင့် Diploma in Nursing ဖြင့် ကျောင်းပြီးထားသော သူနာပြုများအနေဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဆိုပါက စစ်ကောင်စီက ပညာရေးသင်ယူမှု ထောက်ခံချက်မှတ်တမ်း (Transcript Letter)ကို လုံး၀ ထုတ်မပေးတော့ကြောင်း၊ အဆိုပါ ပညာရေးသင်ယူမှု ထောက်ခံချက်မှတ်တမ်းသည် စင်ကာပူနိုင်ငံတွင် ပြုလုပ်နေသည့် လိုင်စင်ရ သူနာပြုစာ မေးပွဲသို့ ဝင်ရောက် ဖြေဆိုရန် အဓိက ကျသည့် စာရွက်စာတမ်းဖြစ်ကြောင်း၊ စစ်ကောင်စီက ထိုသို့ Transcript Letter ထုတ်မပေးဘဲ ပိတ်ပင်လိုက်သည့်အတွက် ပြည်ပရောက် သူနာပြုများ အခက်အခဲတွေ့နေကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ သူနာပြုဘာသာရပ်ဖြင့် ကျောင်းပြီးထားသူများသည် စင်ကာပူနိုင်ငံတွင် သူနာပြု အကူအနေဖြင့် ၂ နှစ် လုပ်ငန်းခွင် ဝင်ရောက်နိုင်ပြီး ၂ နှစ်ပြီးပါက စင်ကာပူ SNB (Singapore Nursing Board) က ပြုလုပ်သည့် လိုင်စင်ရ သူနာပြု စာမေးပွဲ ဝင်ရောက် ဖြေဆိုရကြောင်း၊ယင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် မိမိတက်ခဲ့သော ကျောင်းမှ သူနာပြု ဘာသာရပ်ဆိုင်ရာ ပညာ ရေးသင်ယူမှု ထောက်ခံချက်မှတ်တမ်း Transcript Letter တင်ရကြောင်း သိရှိရသည်။
“စစ်ကောင်စီက ပြည်တွင်းမှာ ဘွဲ့သွားတဲ့ သူနာပြုတွေအတွက် Transcript Letter ထုတ်မပေးတော့ဘူးလို့ တရားဝင် ပိတ်ပင်လိုက်တယ်။ Singapore (SNB) ဘက်ကိုလည်း သူတို့ဘက်က Transcript Letter မထုတ်ပေးဘူး၊ တရားဝင် ပိတ်လိုက်ပြီ ဆိုပြီး စာပို့တယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့။ အခုနှစ်မှာ မြန်မာသူနာပြုကောင်စီနဲ့ သူနာပြုတက္ကသိုလ် သူပြုသင်တန်းကျောင်း တွေရဲ့ ယုတ်မာမှုကြောင့် ပြည်ပရောက် သူနာပြုတွေ တော်တော်လေး ဒုက္ခရောက်ကုန်တယ်။ ပညာတွေသင်ပြီး ကိုယ်နဲ့ ထိုက်တန်တဲ့ရာထူး မရကြတော့ဘူး။ သူများနိုင်ငံက အခွင့်ရေးပေးတာတောင် ကိုယ့်နိုင်ငံက အခွင့်ရေးမရအောင် လိုက်ပိတ်နေတယ်”ဟု သူနာပြုတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမှ သူနာပြုဘွဲ့ရ၊ ဒီပလိုမာ ကျောင်းပြီးထားပြီး ပြည်ပရောက်နေသူများအားလုံး၏ နိုင်ငံကူးလက်မှတ်များကိုလည်း မည်သည့်သံရုံးတွင်မှ သက်တမ်းတိုးမပေးတော့ကြောင်း၊ သက်တမ်းတိုးလိုပါက မြန်မာပြည်သို့ ပြန်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံကူးလက်မှတ် ပြန်လည် လျှောက် ထားရမည်ဟု သံရုံးများက မြန်မာသူနာပြုများကို တရား ဝင် အသိပေးလာကြောင်း သိရှိရသည်။
“ပြည်ပရောက်သွားတဲ့ မြန်မာသူနာပြုတွေအားလုံးကို အမည်ပျက်စာရင်းသွင်းလိုက်တာ။ ပြည်ပရောက် မြန်မာသူနာ ပြုတွေအား လုံးကို သံရုံးတွေမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပေးတော့ဘူး။ စင်ကာပူ ရောက် မြန် မာ သူနာပြုတွေ တော်တော်လေး ဒုက္ခရောက်ရတယ်”ဟု စင်ကာပူရောက် မြန်မာသူနာပြုတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များကိုလည်း နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်များ တင်းကျပ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့် မပြုကြောင်း သိရှိရသည်။
