33 C
Yangon

မန္တလေးရှိ စာသင်ကျောင်း၊ ဘောလုံးကွင်းနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံများတွင် ခိုလှုံနေသော ငလျင်ဘေးသင့် ဒုက္ခသည်များ ယခု မေလကုန် အပြီး ဖယ်ရှားရန် စစ်ကောင်စီက အမိန့်ထုတ်

Must read

ရန်ကုန်၊ မေ ၂၂

မန္တလေးရှိ စာသင်ကျောင်း၊ ဘောလုံးကွင်းနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံများတွင် ခိုလှုံနေသော ငလျင်ဘေးသင့် ဒုက္ခသည်များအနေဖြင့် ယခု မေလကုန် အပြီး ဖယ်ရှားရန် စစ်ကောင်စီက အမိန့်ထုတ်လာကြောင်း ငလျင်ဘေးသင့်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ဘောလုံးကွင်းနှင့် ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသော ငလျင်ဘေးသင့် ဒုက္ခသည်များအနေဖြင့် အခြားသင့်တော်ရာ နေရာများသို့ မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း၊ အကယ်၍ မိမိအစီအစဉ်ဖြင့် မပြောင်းရွှေ့နိုင်လျှင် သက်ဆိုင် ရာက ချထားပေးသည့် နေရာများသို့ လိုက်ပါရမည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်လာကြောင်း သိရှိရသည်။

“ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်မှာမို့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ အကုန်ပြန်စမယ်။ အဲဒါကြောင့် ဖယ်ခိုင်းတာ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရွှေ့ချင်ရင် ရွှေ့၊ မရွှေ့ချင်ရင် သူတို့ ရွှေ့ပေးမယ့် ကွင်းအလွတ်နဲ့ မြို့ပြင်ဘက်လယ်ကွင်းတွေဆီကို လိုက်လို့ရတယ်။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း၊ အားကစားကွင်းတွေကတော့ မဖြစ်မနေ ထွက်ပေးရမယ်။ ဒီလကုန် ထွက်ခိုင်းတာ” ဟု ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့တွင် ယခု ဇွန်လတွင် စာသင်ကျောင်းများ ဖွင့်လှစ်မည့်အပြင် ဘောလုံးကွင်းများတွင် မိုးရာသီ အားက စားပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငလျင်ဘေးသင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတွင် ငလျင်ဘေးသင့် ဒုက္ခသည်စခန်းများကို စစ်ကောင်စီက အတင်းအကျပ် အမိန့်ဖြင့် ပိတ်သိမ်းခိုင်းနေသော်လည်း ငလျင်ဘေးသင့် ပြည်သူများမှာ စစ်ကောင်စီထံမှ ထိရောက်သော အကူအညီလုံး၀ မရရှိကြကြောင်း ပြောဆိုကြသည်။

“အစားအသောက်နဲ့ ရေသန့်ဗူး၊ ဆရာဝန်တွေ လာပြီး ကုသပေးတာကလွဲရင် ဘာမှ အကူအညီမရပါဘူး။ အိမ်ပြိုလို့ ဖျက်ဖို့တောင် ကိုယ့်ဟာကိုယ် စရိတ်မတတ်နိုင်လို့ မဖျက်ရသေးဘူး။ စည်ပင်မှာ အိမ်ဖျက်ပေးဖို့ လျှောက် ထားတာလည်း ရက် ၂၀ လောက်ရှိပြီး ဘာမှ မထူးဘူး။ အခု နေရာရွှေ့ခိုင်းလို့ စျေးသက်သာတဲ့ အိမ် ရှာနေတယ်။ မရရင် အမျိုးနဲ့ မိတ်ဆွေတွေရှိတဲ့ ရွာခဏ ပြန်ဖို့ စဉ်းစားထားပါတယ်” ဟု မန္တလေးမှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးရမှုများနှင့် ပတ်သက်၍ ဆုံးရှုံးမှု ပမာဏအလိုက် တွက်ချက်၍ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမျန်တကယ် နစ်နာသူများထံသို့ ရောက်ရှိစေရေး ကြီးကြပ်စိစစ်ပေးရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ အကူအညီများကိုလည်း လိုအပ်သူများထံသို့ ရောက်ရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ငလျင် လှုပ်ခတ်ပြီး ၁ လကျော်အကြာ မေလ ၂၀ ရက်နေ့ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article