ရန်ကုန်၊ မေ ၂၂
ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၉ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။
မေလ ၁၉ ရက်နေ့တွင် ခမရ-၃၅၁ တပ်ရင်း နှင့် ခလရ ၆၀ တပ်ရင်းမှ ငထွေစုတ်ကျေးရွာသို့ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သောကြောင့် ငထွေစုတ်ကျေးရွာမှ အသက် ၁၁နှစ်အရွယ် နော်တာဒိုဂေးဖော လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး စောမူးလောလနှင့် စောမောင်ဂေးတို့၏ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မေလ ၂၀ ရက်နေ့တွင် နတ်သံကွင်း၌ အခြေချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရင်းတိုက်ကုန်းကျေး ရွာနှင့် နောင်ကုန်းကျေးရွာတို့ကို လက်နက်ကြီး ၆ လုံး၊ ရေလဲကျေးရွာ နှင့် မရမ်းစိန်းလေးကျေးရွာကြားရှိ လယ်ကွင်းကို ဟောင်ဝှစ်ဇာလက်နက်ကြီး ၁ လုံး၊ ဇလုပ်နှင့် စောဘောကုန်း အကြားရှိ လယ်ကွင်းတွင် ဟောင်ဝှစ်ဇာလက်နက်ကြီး ၁ လုံး၊ တောင်စုကျေးရွာကို လက်နက်ကြီး ၃ လုံး၊ အုတ်ဖြတ် တံတားတွင် အခြေချထားသော အကြမ်းဖက် စစ်တပ် များသည် ကြက်တက် ညောင်ပင် ကျေးရွာကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဒေါ်မမ နှင့် အသက် ၃၈ နှစ် အရွယ် မအေးစိုး တို့ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ခလရ ၆၀ တပ်ရင်းမှလည်း မရမ်းစိန်လေးကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး၊ အရှေ့တောင်စု၊ အနောက် တောင်စုနှင့် ကျွန်းကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၆ လုံး ပစ်ခတ်ခဲ့သောကြောင့် မရမ်းစိန်လေး ကျေးရွာမှ နော်မူးလာဖော၏ နေအိမ် ပျက်စီးသွားပြီး အသက် ၄၀ နှစ်အရွယ် နော်မူးလာဖော နှင့် ၎င်း၏ အသက် ၁၁ နှစ် အရွယ် နော်စေးပွယ်မူးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နော်မူးလာဖော၏ သားအသက် ၉နှစ်အရွယ် စောမူးထော်ဘ မှာလည်း လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။


