26 C
Yangon

ထီးလင်းနှင့် ဖယ်ခုံ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၃

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပုံတောင်နတ်ထိပ်ရှိ ကပစ ၂၄ ကာကင်းစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၁ ရက် နေ့လည်ပိုင်းက ထီးလင်းမြို့နယ်၊ ကျင်းရွာအရှေ့၊ ဒေသအခေါ် ပုံတောင်နတ်ထိပ်ရှိ ကပစ ၂၄ ၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ခံရပြီးနောက် မေလ ၂၂ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၄၃ မိနစ်တွင် တစ်ကြိမ် ၊ တစ်ကြိမ်လျှင် ပေါင် ၂၅၀ ဗုံးသီး ၂ စီနှုန်းဖြင့် ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နေ့ခင်းပိုင်းကတည်းက ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်သိမ်းထားတာ၊ အကုန် လုံး သိမ်းဆည်းပြီးလို့ စခန်းတောင်ပြန်ရောက်နေလောက်ပြီ၊ လေယာဉ်က နောက်တနေ့မနက်ကျမှ လာကျဲသွားတာပါ၊ ထိခိုက်မှုမရှိလောက်ဘူး။ ကပစ ၂၄ ရဲ့ ကာကင်းစခန်းပေါ့, အင်အားကတော့ ၅၀ လောက်ရှိမယ်ထင်တယ်၊ တစ်ခါတရံ ကျင်းရွာထဲဝင်လာတာ ၅၀ လောက်ရှိတယ်ဆိုတော့၊ အခုက သိမ်းလိုက်တဲ့အချိန်မှာတော့ ဘာတွေဘယ်လိုရလိုက်လဲ မသိရဘူး။ သိမ်းပိုက်တဲ့အဖွဲ့တွေက တရား ဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခြင်းမပြုမီ ထီးလင်မြို့နယ်၊ ကျောက်ထုနယ်နှင့် မင်းတပ်မြို့နယ်တို့ဘက်သို့ ၄ ကြိမ် လှည့်ပတ်ပျံသန်းကာ ကင်းထောက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ယောဒေသကို နေ့စဉ်နှင့်အ မျှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။

ထို့ပြင် ကရင်နီနှင့်ရှမ်း ပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်မှ အကြမ်းဖက် စစ်‌ေကောင်စီ တပ်သားများက ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လယ်ကွက်များ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများစိုက်ပျိုးထားသော စပါးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article