တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် လယ်တောင်ယာရွာ နှင့် သမုတ်ချုံရွာ ဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက သမုတ်ချုံရွာအနီးတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သမုတ်ချုံရွာ၌ ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ဦးမှုယူပြီး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အများအပြား ဒဏ်ရာရနိုင်ကြောင်း မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်တပ်ဘက်မှ တက်လာသော စစ်ကူများနှင့် ညနေ ၄ နာရီ ၃၀ မိနစ်ထိ သမုတ်ချုံရွာအနီးတွင် ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ မြိတ်ခရိုင်တပ်ရင်း (၁) နှင့် တနင်္သာရီမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဒေသပြည်သူများ၊ ခရီးသွားပြည်သူများ အနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
