ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာနှင့် ပြူးချွိန်ရွာကို ရေတပ်က လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှသိရသည်။
မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်က ကျောက်ပြောက်ကျေးရွာနှင့် ပြူးချွိန်ကျေးရွာဘက်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီး ၁ လုံးသည် ကျောက်ပြောက်ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်နေသော ပြိုင်စေ့ကေကျေးရွာမှ ဒေါ်သိန်းသိန်းဝင်း လက်နက်ကြီးကျည်စ ထိမှန်ကာ လက်မောင်းတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့နယ်ထဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများနှင့် စစ်ဘေးရှောင်များရှိသော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းဖြစ်သည့် လိပ်ခမော်တပ်စခန်း ကာကင်း၊ မင်းတပ်တောင် ကာကင်းစခန်းနှင့် စက်မှုလက်မှုသင်တန်းကျောင်း တပ်စခန်းတို့ကို ယခု မေလအတွင်းမှာ အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ကြောင်းဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
သို့သော် အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ အာရက္ခတပ်တော် AA သည် ရခိုင်ပြည် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီက ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း၊ ယင်းမြို့များတွင် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် AA တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသ ပြည်သူများထံမှ သိရသည်။
ပုံစာ – ၂၀၂၅ မေလ ၂၄ ရက်နေ့က စစ်ကောင်စီ နေဗီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိသွားသည်။ (APM)
Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်။
