ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ကွမ်းအုံကျေးရွာတွင် နေထိုင်သော ပြည်သူတစ် ဦးသည် စစ်တောင်းမြစ်အတွင်း ငါးရှာရန် နေအိမ်မှ ထွက်လာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသည့် နင်းမိုင်း နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနင်းမိသူသည် ကွမ်းအုံကျေးရွာတွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုရှမ်းအေးဆိုသူဖြစ်ပြီး ခြေကျင်းဝတ်ပြတ်ထွက်သွားကာ ဒူးဆစ်အထိ ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူများ မိုင်းနင်းမိသောကြောင့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက် ဘက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသည့် နင်းမိုင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက် ရှင်းလင်းရေး ပြုလုပ်နေပြီး မိုင်း ၄ လုံးကို မေလ ၂၅ ရက်နေ့တွင် တပ်ရင်း ၃၅၀၄ မှ ရဲဘော်များ နှင့် ပကဖ အဖွဲ့များက ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရေတာရှည် စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် အခြေပြု တပ်ဆွဲထားပြီး နင်းမိုင်းများစွာ ထောင်ထားသည့်အတွက် မိုးတွင်းကာလ စိုက်ပျိုးရေး နှင့် တံငါလုပ်ငန်း လုပ်ကိုင်စားသောက်လျှက်ရှိသည့် ပြည်သူအများစုမှာ ၎င်းတို့ထောင်ထားသည့် နင်းမိုင်းများကြောင့် အခက်ခဲ၊ ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်နေရပြီး ရဲဘော်များမှ နည်းမျိုးစုံဖြင့် ဖယ်ရှားရှင်းလင်း ပေးနေရခြင်းဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၄/ တပ်ခွဲ ၃ ပုဝါနီ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် MM-2 နင်းမိုင်း အမျိုးအစားများကို အသုံးပြုနေပြီး ၁၄ နင်းမိုင်းထက် ပြင်းအား ပိုသောကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့် မိုင်းအမျိုးစားဖြစ်သည့်အတွက် အများပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာ နိုင်သည်အထိ တော်လှန်ရေးရဲဘော်များက ဆက်လက် ရှင်းလင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
