ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်း တပ်သားသစ် အဖြစ် လိုက်လံ ဖမ်းဆီးနေသည့် အုပ်ချုပ်ရေးမှူး ချစ်လင်း ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရွှေတန်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စု စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ချစ်လင်းကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ၄င်းနေအိမ်အထိဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ချစ်လင်းသည် အုပ်ချုပ်ရေးမှူး မဖြစ်ခင်ကပင် စစ်တပ် ဒေါက်တိုင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး စစ်မှုထမ်းအကြောင်းပြကာ လူငယ်များကိုဖမ်ဆီးရာတွင် ၄င်းကိုယ်တိုင်ပါဝင် ဖမ်းဆီးပေးနေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ လူငယ်တွေကို စစ်မှုထမ်း တပ်သားသစ်အဖြစ် လိုက်လံ ဖမ်းဆီးနေလို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေတန်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
