25 C
Yangon

ငလျင်ကူညီရေးမှာ စစ်ကောင်စီ တစ်ခုတည်းနှင့် ထိတွေ့ဆက်ဆံခြင်း မပြုလုပ်သင့်ဟု အာဆီယံကို NUG ပြော

Must read

ရန်ကုန်| မေ ၂၇

အာဆီယံက ငလျင်သင့် မြန်မာပြည်သူများအား ထောက်ပံ့ကူညီရေးမှာ အာဏာသိမ်း စစ်ကောင်စီ တစ်ခုတည်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့်လည်း ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း NUG က အာဆီယံကို ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယနေ့ မေလ ၂၇ ရက်တွင် ပြုလုပ်သည့် “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း” အစီအစဉ်မှာ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပတ်သက်ပြီး အထူးတလေ အားထုတ် ကြိုးပမ်းဆောင်ရွက်နေတာကို ကျနော်တို့ အသိအမှတ်ပြု ကြိုဆိုပါတယ်။ သို့သော်လည်း စစ်ကောင်စီနဲ့သာ ပူးပေါင်းဆောင်ရွက်နေတာဆိုရင် ထိရောက်တဲ့ ကူညီမှုမျိုး မဖြစ်လာဘဲ သက်သေသာဓက အမြောက်အများက ပြသနေပါတယ်။ ဒါကြောင့် စစ်ကောင်စီ တစ်ခုတည်းနဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုး မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနဲ့ တိုင်ပင်ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။

ငလျင်ဘေးသင့်ဒေသများကို အာဆီယံက အကူအညီပေးရေး ကိစ္စရပ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်သည့် ဒေသများမှ ပြည်သူများမှာ ထိရောက်သည့် အကူအညီများ မရရှိသေးကြောင်းလည်း NUG က ပြောသည်။

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုသော်လည်း အတင်းအကျပ် ဖိအားပေး တွေ့ဆွေးနွေးရေးကို ပုံဖော်ခြင်းသည် ရေရှည်တွင် ပြဿနာပြေလည်ရေးကို အထောက်အကူ မပြုကြောင်းလည်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။

“ဘုံရပ်တည်ချက် သဘောများ ပေါ်ပေါက်နိုင်ရေး၊ တော်လှန်ရေးအင်အားစုများ အချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့် အခင်း အကျင်း ဖြစ်ပေါ်လာရေးကို အာဆီယံအနေနဲ့ ဦးစွာ အကူအညီပေးသင့်ပါတယ်။ မိမိတို့ တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်စုစည်းမှုမှတစ်ဆင့် တိုင်းပြည်အတွက် ရေရှည်ခံတဲ့ ပြေလည်မှုအဖြေကို ရှာဖွေခြင်းဟာ အာဆီယံအဖွဲ့အသီးသီးက အစဉ်တစ်စိုက် ပြောဆို ထောက်ပြထားတဲ့ Myanmar-Owned, Myanmar-Led နည်းလမ်းပဲဖြစ်ပါတယ်။ အတင်းအကျပ် ဖိအားပေးပြီး စေ့စပ်ဆွေးနွေးခြင်းဖြင့် အပစ်အခတ် ရပ်စဲစေခြင်းဟာ ရေရှည်မှာ ပြဿနာပြေလည်ရေးကို အထောက်အကူ ပြုမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ရှမ်းမြောက်အရေးတွင် အိမ်နီးချင်းနိုင်ငံတစ်ခုက တစ်ဖက်သက် ဖိအားပေး ဆောင်ရွက်နေခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူ မဖြစ်စေကြောင်း NUG က ဆိုသည်။

ထိုကြောင့် အာဆီယံအနေဖြင့် ဗဟိုချုပ်ကိုင်မှုနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍကို ခိုင်ခိုင်မာမာယူပြီး တိုင်းပြည်၏ အရင်းမြစ် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ဦးတည်သည့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အာဆီယံကို NUG က တောင်းဆိုထားသည်။

မြန်မာ့အရေးသည် ယနေ့ အာဆီယံ၏ ဂုဏ်သိက္ခာ ပြန်လည်အားကောင်းစေရန် အလွန်အချိန်အခါ သင့်သည့် အခွင့်အရေးတစ်ရပ်ဟု အာဆီယံက မှတ်ယူနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article