28 C
Yangon

မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခဲ့သည့် Nordic Aviation Capital ကုမ္ပဏီအား NCP Denmark တွင်တိုင်ကြားခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေဟု JFM ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၂၈

မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခဲ့သည့် Nordic Aviation Capital ကုမ္ပဏီအား NCP Denmark တွင် တိုင်ကြားခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Justice For Myanmar (JFM) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဥ်များကို လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော Nordic Aviation Capital (NAC) ကုမ္ပဏီအား မြန်မာ့လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Justice For Myanmar က ဒိန်းမတ်နိုင်ငံ၊ နိုင်ငံတော်အဆင့် တိုင်ကြားချက်လက်ခံရေးဌာန (NCP) တွင် ၂၀၂၄ ခုနှစ်အတွင်းက တိုင်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ တိုင်ကြားချက်တွင် NAC သည် မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လားသည့် ဆိုးရွားပြင်းထန်သော သက်ရောက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စိုးရိမ်မှုများ ပါဝင်ကြောင်း JFM ကဆိုသည်။

NCA အနေဖြင့် ၎င်းတို့ကုမ္ပဏီခွဲများမှတဆင့် Air KBZ (ယခုအခါ Air Mingalar) အပါအဝင် မြန်မာနိုင်ငံမှ ဝယ်ယူသူများထံ ATR လေယာဉ်များ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်း ကိစ္စရပ်များတွင် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအရ အန္တရာယ်ဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Justice For Myanmar မှဝေဖန်ပြစ်တင်ထားသည်။

မြန်မာကုမ္ပဏီများမှတဆင့် အကြမ်းဖက်စစ်အုပ်စုသည် အဆိုပါ ATR လေယာဉ်များကို ရယူသုံးစွဲနေပြီး၊ အထူးသဖြင့် စစ်သုံးသယ်ယူပို့ဆောင်ရေး၊ ထောက်လှမ်းရေးနှင့် အထူးပုဂ္ဂလိကခရီးစဉ်များအတွက် အသုံးပြုနေခြင်းလည်းဖြစ်သည်။

စစ်အုပ်စုသည် ပြည်သူအပေါ် ပြန်လည်ဆင်နွှဲသော အကြမ်းဖက်စစ်ဆင်ရေးများတွင် ၄င်း၏စစ်သည်နှင့် စစ်လက်နက်များ သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများတွင်လည်းကောင်း အဆိုပါ ATR လေယာဉ်များကို အသုံးပြုနေကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများကို အခြေခံ၍ Justice For Myanmar ကဆိုသည်။

ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေသည့် အခြေအနေတွင် (စစ်အုပ်စုထံ တစ်ဆင့်ခံ ရောက်ရှိသွားသော) ATR လေယာဉ်များကို ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်းများသည် လူ့အခွင့်အရေးအပေါ် ပြင်းထန်သည့် ဆိုးကျိုး သက်ရောက်မှုများရှိခဲ့ကြောင်း Justice For Myanmar က စွပ်စွဲထားပါတယ်။

စစ်အုပ်စုသည် ၄င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးများအတွက် စစ်သည်နှင့် စစ်လက်နက်များ သယ်ယူပို့ဆောင်ရာတွင် အဆိုပါ ATR လေယာဉ်များကို အသုံးပြုနေခြင်းဖြစ်ပြီး၊ ၄င်းလေယာဥ်များသည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော စစ်ရာဇဝတ်မှုတွေအား ပံ့ပိုးကူညီနေခြင်းဖြစ်ကြောင်းလည်း JFM ကဆိုသည်။

စစ်အုပ်စုသည် ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ် ၁၀ စီးခန့်ကို လက်ရှိအသုံးပြုနေပြီး၊ အဆိုပါ ATR လေယာဉ်များကို အကြမ်းဖက်စစ်အုပ်စုက အသုံးပြုနိုင်ရန် NAC ကဲ့သို့သော နိုင်ငံခြားကုမ္ပဏီများသာမက မြန်မာနိုင်ငံရှိ ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သော Air KBZ (ယခု Mingalar Aviation)၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group၊ စစ်အုပ်စုဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group၊ ခရိုနီဦးတေဇ၏ Htoo Group စသည့် မြန်မာခရိုနီကုမ္ပဏီကြီးများကလည်း ကူညီထောက်ပံ့ခဲ့ကြောင်း JFM ကပြီးခဲ့သည့်နှစ်အတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဖောက်သည်များနှင့် ပတ်သက်၍ ရိုသေလေးစားမှု အပါအဝင် ၎င်းတို့၏ လက်ရှိလုပ်ငန်းများနှင့် ဆက်နွှယ်၍ သင့်တော်လုံလောက်သည့် တင်ကြိုစိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်း မရှိ ဆိုသည့်စွပ်စွဲချက်များအပေါ် NAC က ငြင်းဆိုထားသည်။

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် လေကြောင်းလိုင်းများသည် မြန်မာစစ်တပ်ထံ ATR လေယာဉ်များလွှဲပြောင်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် အီးယူနဲ့ နိုင်ငံတကာအရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူ (မြန်မာစစ်တပ်) ကို ဖုံကွယ်လေ့ရှိကြောင်း JFM က အခိုင်အမာ ထောက်ပြပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article