စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုရွာရှိ ဓမ္မသုခကျောင်းတိုက်နှင့် ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးများ ကျည်များသည် ဓမ္မသုခ ကျောင်းတိုက်နှင့် ပြည်သူပိုင် နေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ချောင်းဦးမြို့ပေါ်က စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးကျည်က မှန်ချိုကျေးရွာဘက်ကို ကျတာ ဓမ္မသုခကျောင်းတိုက်နဲ့ ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက် ပျက်ဆီးသွားတယ်။ သံဃာတော် ၁ ပါးလည်း ထိခိုက်ဒဏ်ရာရတယ်။ ပေါင်ကိုမှန်တာဆိုတော့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူး” ဟု Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


