တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Dawna Column-P29902 (ဒေါနတပ်ရင်း) က ပြောဆိုသည်။
မေလ ၂၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ နယ်မြေအတွင်းသို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်ရောက်လာသည့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းခံရ သူများဖြစ်ပြီး ဝဲဂလိအခြေစိုက် အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက ၄ မှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် များဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ရန်လင်းထွန်းနှင့် နေသူအောင် သည် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်းထံ MA3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၁ ဘောက် ၊ ကျည် ၂၅ တောင့်ဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တပ်သား ရန်လင်းထွန်းသည် ညဘက် အပြင်သွားလာစဉ် အတင်းအဓမ္မ တပ်သားသစ် အဖြစ် စုဆောင်းခံခဲ့ရသူဖြစ်ပြီး တပ်သား နေသူအောင်သည် Taxi ဆွဲရန် Passenger ပို့ဆောင်ပြီး ပြန်လာစဉ် အတင်းအဓမ္မစုဆောင်းခံရပြီး အကြမ်းဖက် စစ်တပ်ထဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးမှလည်း CDM အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး ကျန်ရှိနေသော တပ်သားများလည်း ပြည်သူနှင့် အမြန်ဆုံးပူပေါင်းကြပါရန်၊ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်မှ ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် အလင်းဝင်ရောက်နိုင်ကြောင်း Dawna Column-P29902 (ဒေါနတပ်ရင်း)က အသိပေးနှိုးဆော်ထားသည်။

