မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း United States Of Burma Army – USBA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၀ ရက်နေ့တွင် ကပစ ၂ ၊ ကပစ ၁၀ နှင့် လင်းကယ် ရဲစခန်းများမှ အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အထက်မင်းလှမြို့နယ်၊ လင်းကယ် တိုက်နယ်အတွင်းကို Drone များ ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ကပစ ၁၂ မှ အင်အား ၅၀ ၀န်းကျင်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်မြို့နယ်၊ ထီးရိုးကျေးရွာကို ကားများဖြင့် ၀င်ရောက်လာကာ မင်းတုန်းမြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို နှစ်ဘက် ပိတ်ဆို့ကာ စစ်ကြောင်းထိုး ၀င်ရောက်လာခဲ့ကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများ၏ ရိက္ခာများကို ခိုးယူကာ ချက်ပြုတ်စားသောက်ပြီး ကျွဲခြံရွာ စာသင်ကျောင်းတွင် ညအိပ်စခန်းချပြီး ကပစ ၁၂ မှ စစ်ကြောင်းကို မေလ ၂၃ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ ၂ ကြိမ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရွာသာယာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များက ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် လှိုင်ဘွား မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း မပြည့်စုံတော့ လျှပ်တပြတ် ထိတွေ့မှာ ပစ်အားချင်း မယှဉ်နိုင်လို့ ကျခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ခဲယမ်း ထောက်ပံ့နိုင်တဲ့သူတွေ ထောက်ပံ့ပေးဖို့ပဲ အကူညီတောင်းချင်ပါတယ်” ဟု United States Of Burma Army – USBA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ် ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ကြောင်း Natogyi Regional Defence Force – NRDF • မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်း က သတင်းထုတ်ပြန်ထားသည်။
မေလ ၂၈ ရက်နေ့တွင် နွားထိုးကြီး မြို့မရဲစခန်းမှ ရဲ ဒု-တပ်ကြပ် မင်းမွန်စိုးသည် နွားထိုးကြီးမြို့တွင်း တစ်နေရာတွင် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း နှင့် နွားထိုးကြီးမြို့နယ် ပ.က.ဖ တို့က ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
