ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေးကြောင်း တပ်အသိုင်းအ၀ိုင်းနှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
မေလ ၂၇ ရက်နေ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် AA တပ်များအကြား တိုက်ပွဲဖြစ်ပွားစဉ် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်သည် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ သေဆုံးချိန်တွင် ရာထူးတစ်ဆင့်တိုးပေးပြီး ဗိုလ်မှူးချုပ်အဖြစ် အမည်တပ်ခွင့်ရရှိကြောင်း သိရှိရသည်။
“ရခိုင်ကျောက်ဖြူတိုက်ပွဲမှာ စနိုက်ပါထိတာ။ ပြီးတော့ ဗျူဟာမှူးက ဗိုလ်မှူးကြီး အဆင့်။ ဒါပေမဲ့ စနိုက်ပါနဲ့ ထိအပြီးမှာ တစ်ဆင့်မြင့်ရာထူးတိုးပေးလိုက်တယ်လို့ သုံးသပ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဗျူဟာမှူးအဆင့်က ဗိုလ်မှူးကြီးပဲ/ တပ်မမှူးမှ ဗိုလ်မှူးချုပ်ဖြစ်တာပေါ့နော်။ ဒုတိယတပ်မမှူးဆိုရင်တောင်မှပဲ ကာနယ်ဗိုလ်မှူးကြီးပဲဗျ။ အဲဒါကြောင့်မို့လို့ သေသွားလို့မို့လို့ တစ်ဆင့်မြင့်ရာထူးပေးလိုက်တယ်လို့ သုံးသပ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ဗိုလ်မှူးကြီး ကျော်မျိုးအောင်၏ ရုပ်အလောင်းကို ရဟတ်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး အင်းတိုင်ရှိ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်တွင် နာရေး စီစဉ်ခြင်း၊ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် ဂုဏ်ပြု အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် ကျော်မျိုးအောင်သည် အလုပ်သင်ဗိုလ် အပတ်စဉ် ၂၈ သင်တန်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၄၅ နှစ်ရှိနေပြီဖြစ်သည်။
