ရန်ကုန်၊ မေ ၃၁
ထိုင်းနိုင်ငံ၊ စမုဆခွန်တွင် မြန်မာအလုပ်သမားများလိုက်ပါသော ကားက ရထားသံလမ်းကို ဖြတ်ကူးစဉ်် ကြောက် လန့်၍ ကားပေါ်မှ ခုန်ချရာမှ မြန်မာအလုပ်သမားတစ်ဦးဖြစ်သော မဖြူဖြူမှာ ရထားကြိတ်မိပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် စမုဆခွန်၊ မဟာချိုင်အနီး ရထားသံလမ်းကို မြန်မာအလုပ် သမား ၈ ဦးလိုက်ပါသော ပစ်ကပ်ကားက ဖြတ်ကူးကြောင်း၊ ကားက ရထားသံလမ်းကိုဖြတ်ကူးချိန်တွင် ရထားမှာလည်း အရှိန်ဖြင့် ခုတ်မောင်းလာကြောင်း၊ ထို့ကြောင့် မြန်မာအလုပ်သမားများက ကြောက်လန့်၍ ကားပေါ်မှ ခုန်ချရာမှ အသက် ၂၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသမီးမှာ ရထားကြိတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“ကားက ရထားသံလမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ရထားကလည်း လာနေပြီ။ အဲဒီမှာ ကားပေါ်ကနေ ခုန်ချကြတာ။ ရထားဝီစီသံကို အဝေးက ကြားနိုင်ပေမယ့် ကားသမားက ဖြတ်ကူးတာ” ဟု မျက်မြင်တစ်ဦးက ထိုင်းသတင်းဌာနတစ်ခုထံသို့ ပြောဆိုသည်။
ကံကောင်းထောက်မစွာဖြင့် ပစ်ကပ်ကားသည် ရထားသံလမ်းပေါ်မှ အချိန်မီ ဖြတ်ကူးနိုင်ခဲ့၍ ရထားနှင့် မတိုက်မိခဲ့သော်လည်း ခုန်ချခဲ့သော မြန်မာအလုပ်သမား အသက် ၂၇ နှစ်အရွယ် မဖြူဖြူမှာမူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၊ ယင်းရထားသံလမ်း လမ်းဆုံနေရာမှာ မကြာခဏ မတော်တဆမှု ဖြစ်ပွားလေ့ရှိကြောင်း၊ ကားမောင်းသူကို ထိုင်းရဲတပ်ဖွဲ့ က စစ်မေးလျက်ရှိကြောင်း သိရှိရသည်။



