26 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၆၀ ကျော်ကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအထိုင်စခန်းနှင့် တပ်မ ၃၃ မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းကာ ညောင်းကုန်းရွာ၊ ကျောင်းတော်ကြီးရွာနှင့် အနောက်တာကျေးရွာများကို ထပ်တိုး အင်အား ၂၅၀ ကျော်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ကုန်းရွာနှင့် ကျောင်းတော်ကြီးရွာတို့ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၆၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ လက်ရှိချိန်ထိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မေလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒေါင်းမရွာ၊ ဆင်မြေရွာ နှင့် သလွန်ဖြူရွာမှ ပြည်သူများကိုလည်း ဆက်လက် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ထပ်တိုး ပြည်သူစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ညောင်ကုန်းရွာမှာ အဖမ်းခံရသူက ၄၀ ကျော်ရှိပြီး ကျောင်းတော်ကြီးရွာမှာကတော့ အဖမ်းခံရသူ ၂၀ ကျော်ထိ ရှိနေတယ်လို့ သိရပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုမရွေး အကုန်ဖမ်းဆီးခံထားရတာ လောလောဆယ် ဒေသတွင်း စစ်ရှောင်ပြည်သူ ၁၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ စစ်ခွေးတွေက ပြည်သူတွေကို ပြန်လွှတ်ပေးတာမျိုး မကြားမိသေးပါဘူး။ လောလောဆယ် ထပ်တိုး အဖမ်းခံရတာတွေ ရှိသေးတယ်။ အတည်ပြုလို့တော့ မရသေးဘူး။ စစ်ခွေး စစ်ကြောင်းကတော့ နေရာစုံ ရွာစုံမှာပါ။ ဒီမနက် ဒေါင်းမရွာ၊ ဆင်မြေရွာနဲ့ သလွန်ဖြူရွာမှာ ထပ်တိုး ၃ ရွာ ဖမ်းခံရသေးတယ်။ လူဦးရေ ဘယ်လောက်ထိ ဖမ်းခံရတယ်ဆိုတာ ဆက်လက် စုံစမ်းနေပါတယ်” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။

ဓာတ်ပုံ – ဖားကန့်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article