မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း နှင့် လမ်း ၆၀ ထောင့်ရှိ ငလျင်ဒဏ်သင့် အဆောက်အအုံတစ်လုံးကို ဖြိုချစဉ် ပြိုချက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်းနှင့် လမ်း ၆၀ ထောင့်ရှိ ငလျင်ဒဏ်ခံထားရသော လေးထပ်တိုက်အဆောက်အအုံတစ်လုံးကို ဖြိုချဖျက်ဆီးနေစဉ် ပြိုကျခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးပြီး အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“၄ ထပ်အဆောက်အအုံက ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့အဆောက်အအုံပေါ့၊ ပြိုကျနေတာ ဖြို ဖျက်ရေး လုပ်နေတဲ့အချိန် အဆောက်အဦက ပြိုကျသွားတာ၊ ကြားထဲမှာလုပ်နေတဲ့ အလုပ်သမား လို့တော့ ယူဆရတာပေါ့၊ အသက် ၁၈ နှစ်အရွယ် ကျား ၁ ဦးသေသွားတယ်၊ နောက် အသက် ၄၀ အ ရွယ်ကျား ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတာပေါ့၊ မိုးက မနက်ပိုင်းတော့ရွာသေးတယ်၊ အခုနေပိုင်း တော့မရွာဘူး။ အခုရက်ပိုင်းကတော့ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ရင်း ပြိုကျ နေတာတွေများနေတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော် မတီ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၈၆ လမ်း နှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ် သင့်အဆောက်အဦး တစ်လုံးကို ဖြိုချနေစဉ် ဆလပ်ပြင် ပြိုကျပြီး အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
မန္တလေးမြို့တွင် ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံ ၄၀၀၀ ဝန်းကျင်ရှိပြီး ပြိုကျသည့် အ ဆောက် အအုံများကို ယန္တရားလိုအပ်ချက် ၊ ငွေကြေး လိုအပ်ချက်ကြောင့် ကိုယ်ထူကိုယ်ထ စနစ်ဖြစ်ဖြင့် ဖြိုချရနေကြောင်း သိရသည်။
photo credit – East Marlar Volunteer Fire Brigade


