27 C
Yangon

မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ်

Must read

ရန်ကုန်၊ ဇွန် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြင့်ငြိမ်းအေး၊ အောင်တံတား စသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ကို ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် ကူညီဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့နေရခြင်းဖြစ်ကြောင်း၊ မြစ် ရေဝင်ရောက်မှုကို လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှုမရှိကြောင်း သိရသည်။

“မြစ်ရေ ကနေတက်တာပါ၊ မိုးက အခုမှ ဖွဲနေတာ၊ မနေ့က ညနေ ၆ နာရီကျော်ကစတက်တာ၊ တနေ ရာ နဲ့တနေရာတော့ ရေတက်တဲ့အချိန်ကတော့ မတူဘူး။ ကျနော်တို့ ညနေစတက်ကတည်း က ကျနော် တို့အဖွဲ့တွေလည်း ကူညီကယ်ဆယ်ရေးစလုပ်တယ်။ ထိခိုက်မှုတော့မရှိပါဘူး။ ပြောင်းရွှေ့ နေ ကြရတာပဲရှိတာပါ၊ ဒီမနက်ပိုင်းတော့ ဆိုးဆိုးရွားရွားတက်တာမရှိသေးဘူး။ ငြိမ်နေတဲ့သဘော ပေါ့။ မနေ့က ညပိုင်းကပဲ အတော်တက်တာ။ စက်လှေတွေနဲ့ပါကယ်ဆယ်ရေးတွေ ကို တောက် လျှောက် လုပ်ပေးနေတာပါ” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရေဝင်ရောက်သည့် ရပ်ကွက်နေပြည်သူများကို မျိုးဆက်သစ်လူမှုကူညီရေးအဖွဲ့သားများအပါအဝင် အဖွဲ့အစည်းအသီးသီးက ကူညီကယ်ရေးလုပ်ဆောင်ပေးနေပြီး အရေးပေါ်အကူအညီများလိုအပ်ပါက နေရာအသီးသီးတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများက အသင့်စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက်တွင်သာရှိနေသေးသော်လည်း ဆက်လက်မြင့်တက်နေကာ ယခု ရေအမှတ် ၁၀၈၃ စင်တီမီတာတွင် ရောက်ရှိနေကြောင်း၊ လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်အထက်ပိုင်းတွင်လည်း မိုးများသည်းထန်စွာ ရွာသွန်းသဖြင့် မေခမြစ်ရေ မြင့်တက်ပြီး မြစ်ကမ်းနားတွင်ရှိနေသော နေအိမ်များ ရေမြုပ်ခြင်း၊ ရေတွင် မျောပါခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

“ချီဗွေမှာတော့ ကမ်းနားနဲ့ နီးတဲ့အိမ်တွေ အကုန်လုံးမြုပ်ကုန်တယ်။ ချီဗွေတံတားပါ မြုပ်သွားတာ။ အခုတော့ ရေနည်းနည်းလေးပြန်ကျတယ်။ အမြင့်ပိုင်းပြောင်းနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ ချီဗွေမြို့၊ မြစ်ကမ်းနားတွင် မေခ မြစ်ရေကြီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article