27 C
Yangon

စစ်ကိုင်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုး မီးရှို့သည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန် ၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာရှိ ပြည်သူပိုင် နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းရွာမှ စစ်သားနှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် ဆည်တောလေးကို ဖြတ်၍ မင်းကွန်းရဲစခန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မေလ ၂၈ ရက် နံနက် ၆ နာရီ ခန့်တွင် မင်းကွန်းရဲစခန်းမှ စစ်သားနှင့် ရဲများ ပူးပေါင်းပြီး မင်းကွန်းမြို့မြောက်ဘက်ရှိ ကင်းရွာဘက် သို့ ဆက်လက် စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၅ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲချိန်ကြာမြင့်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည်စုဖွဲ့မှု ပြုလုပ်နိုင်ရန် ခေတ္တ ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်သားများက ကင်းရွာထဲသို့ ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ညနေ ၄ နာရီခန့်တွင် ကင်းရွာမှ ထွက်လာစဉ် ရတနာပုံတပ်ဦး၊ စစ်ကိုင်းခရိုင်တပ် ရင်း ၁ ၊ စစ်ကိုင်း ခရိုင်တပ်ရင်း ၂ ၊ ဇုန် ၄ တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာပြီး မင်းကွန်းရဲစခန်းသို့ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စခ တစ်ဦးသေတယ်လို့ သိရတယ်၊ ကျန်တာက အတိအကျမသိရဘူး ။ပြည်သူတွေဖမ်းဆီးခံရတာ မျိုးလည်း မကြားမိပါဘူး။ ကင်းရွာတစ်ရွာလုံးက စစ်ရှောင်နေရတယ်။ စစ်ကိုင်းမြို့နယ်ထဲမှာ စစ် ရှောင်တွေက အရင်ကထက် ပိုတိုးလာတယ်။ ပွင့်လင်းရာသီမှာ စစ်ကြောင်းထိုးထားတော့၊ မြေပြင်မှာ တကယ်တိုက်ပွဲဖော်ဆောင်နေတဲ့ အဖွဲ့တိုင်းကို ထိထိရောက်ရောက် ကူညီပေးစေချင်ပါတယ်။ ကျနော်တို့အဖွဲ့မှ မဟုတ်ပါဘူး။ မြေပြင်ကို တကယ်လာကြည့်၊ တကယ်စုံစမ်းပြီး တကယ်အလုပ် လုပ်တဲ့အဖွဲ့တိုင်းကို ထိထိရောက်ရောက် ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရတနာပုံတပ်ဦး (LPDF) ၊ ဇုန် ၅ မင်းကွန်းတိုက်နယ် ပ ကဖ ၊ People Servant Force (PSF) ၊ ချမ်းမြသာစည်မြို့နယ် (ပ.ကဖ)၊ Unicorn ပြောက်ကြားအဖွဲ့ ၊ Acid LDF နှင့် နယ်မြေခံ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article