27 C
Yangon

တန့်ယန်းမြို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဇင်မင်းဦးက City Night KTV (5) ကို လယ်မြေပေါ်တွင် ဆောက်လုပ်ခွင့်ပေးထားပြီး ငွေကျပ် သိန်းချီ လာဘ်စားထား၊ နယ်ထိန်းရဲများကလည်း မာဆတ်ဖွင့်ပြီး စီးပွားရှာနေ

Must read

ရန်ကုန်၊ ဇွန် ၁

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဇင်မင်းဦးက City Night KTV (5) ကို လယ်မြေပေါ်တွင် ဆောက်လုပ်ခွင့်ပေးထားပြီး ငွေကျပ် သိန်းချီ လာဘ်စားထားကာ နယ်ထိန်းရဲများကလည်း မာဆတ်ဖွင့်၍ စီးပွားရှာနေ‌ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

တန့်ယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဇင်မင်းဦးသည် မြို့နယ် ခရိုင်ထွေ/အုပ်မှ ရုံးအုပ်ကြီး အောင်မင်းထွန်းဆိုသူနှင့် ပူးပေါင်းကာ လယ်မြေများကို အကွက်ရိုက်၍ ရောင်းစားခြင်း အပါအဝင် City Night KTV (5) ကိုလည်း လယ်မြေပေါ်တွင် တည်ဆောက်ခွင့်ပေးပြီး ငွေကျပ် သိန်းရာနှင့်ချီ လာဘ်စားခဲ့ကြောင်း သိရသည်။

ယင်း KTV သည် တန့်ယန်းမြို့ ရပ်ကွက် ၉ တွင်တည်ရှိပြီး မေလ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို KTV ဖွင့်လှစ်နိုင်ရန်အတွက် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဇင်မင်းဦးက လာဘ်‌ငွေ ရယူကာ လိုင်စင် ပြုလုပ်စရာ မလိုဘဲ ခွင့်ပြုပေးခဲ့ကာ KTV တွင် ရောင်းချမည့် အရက်ဘီယာ လိုင်စင်ကိုလည်း ခရိုင်ထွေ/အုပ်မှ ရုံးအုပ်ကြီး အောင်မင်းထွန်းက ငွေကျပ် သိန်း ၃၀၀ ဖြင့် ခွင့်ပြုပေးခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ရုံးအုပ်ကြီး အောင်မင်းထွန်းသည် ယခင်က လားရှိုးတွင် ငွေကြေး အတောင်းကြမ်း၍ တန့်ယန်းသို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြောင်းရွှေ့ခံရသော်လည်း အောင်မင်းထွန်းသည် ထွေ/အုပ် ခရိုင်မှူး၏ PSO ဟုဆိုကာ လာဘ်ငွေ အလွန်အကျူးတောင်းရမ်းနေသူဖြစ်ကာ ၎င်း၏ ဆရာဖြစ်သူ ခရိုင်မှူး က အပြောင်းအရွှေ့တွင် ပါသွားသောကြောင့် ဇင်မင်းဦးနှင့် ထပ်မံ ပူးပေါင်းကာ အလွန်အကျူး ငွေကြေးတောင်းရမ်းမှုများထပ်မံ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့ရှိ Bar ဆိုင်များသည်လည်း အသံကျယ်လောင်၍ ပြည်သူများက ထွေ/အုပ်ရုံးသို့ တိုင်ကြားသော်လည်း Bar ပိုင်ရှင်က လစဉ် ထွေ/အုပ်ရုံးသို့ ငွေကျပ် ၇ သိန်း၊ နယ်မြေခံ ရဲများကို ငွေကျပ် ၆ သိန်းနှင့် စစ်တပ်ကို လစဉ် ငွေကျပ် ၁၁ သိန်း ပေးဆောင်ထား၍ အရေးယူခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ တန့်ယန်းမြို့ရှိ ရဲ နယ်ထိန်းများကလည်း ရပ်ကွက် ၅ ရှိ တန့်ယန်းဘား အနောက်ဘက်တွင် မာဆတ်ဖွင့်ပြီး မူးယစ်ဆေးဝါးများ ရောင်းချကာ စီးပွားရှာနေပြီး ညစဉ် မူးယစ် သောက်ကျန်းနေသော်လည်း နယ်ထိန်းရဲများဖွင့်လှစ်ထားသောကြောင့် ရပ်ကွက် ၅ အုပ်ချုပ်ရေးမှူး ခွန်ထွန်းက သွားရောက်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

“နယ်ထိန်းရဲတွေက မာဆတ်ဖွင့် မူးယစ်ဆေးဝါးရောင်းပြီး ပိုက်ဆံရှာနေပေမယ့် စရဖ က ပိုက်ဆံတောင်းတာတို့ ဖမ်းတာတို့ မလုပ်အောင်လို့ အဖွဲ့အစည်းပိုင်တယ်ဆိုပြီး သတင်းလွှင့်ထားတာ တကယ်က နယ်ထိန်းနဲ့ ရဲ တွေပေါင်းဖွင့်ပြီး လုပ်စားနေတာ ညတိုင်း မူးယစ်းဆေးဝါး သုံးပြီး အော်ဟစ်သောင်းကျန်းနေတာ ရဲနယ်ထိန်းတွေက ဖွင့်ထားတော့ ရပ်ကွက် ၅ အုပ်ချုပ်ရေးမှုး ဦးခွန်ထွန်း ကလည်း ဘာမှမပြောရဲဘူ။ အဲ့ မာဆတ် ဆိုရင် ဘယ်သူမှ မဖမ်းရဲဘူး” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

တန့်ယန်းမြို့ စည်ပင် ဝန်ထမ်းများကလည်း အထပ်မြင့်နေအိမ်များကို ပြည်နယ်အဆင့်အား တင်ပြခြင်းမရှိဘဲ သိန်းရာချီ လာဘ်စားကာ ဆောက်လုပ်ခွင့်ပေးနေကြောင်း၊ ထို့ပြင် လယ်မြေများကိုလည်း နေအိမ် ဆောက်လုပ်ခွင့် သိန်းရာချီ တောင်းခံကာ ခွင့်ပြုပေးနေကြောင်း သိရသည်။

“ရပ်ကွက်၂ အုပ်ကြီးရဲ့ အိမ်အနောက်က အိမ်ဆိုရင် ၃ ထပ် ဆောက်တာ အကြီးကြီးပဲ စည်ပင်က သိန်း ၃၃၀ တောင်းပြီး ပြည်နယ် မတင်နဲ့ ဆိုပြီး လုပ်စားနေတာ တခြားဟာတွေလည်း အများကြီးပဲ လယ်မြေတွေမှာ အိမ်တွေ ဆောက်တာလည်း သိန်းရာချီယူပြီး ခွင့်ပြုတာပဲ တန့်ယန်း ထွေအုပ်က အခုဆိုရင် တိုင်းစစ်ဌာနချုပ်က လားရှိုးရွေ့သွားတော့ အရင်ထက် ပိုဆိုးတယ် လုပ်စားနေကြတာ မြေဂရံလျှောက်ဖို့ဆိုရင် အခုက ပြည်နယ်တင်ရတာ ပြည်နယ်တင်ရတာမို့ဆိုပြီး သိန်း ၅၀၀ နဲ့ သိန်း ၈၈၀ ကြားတောင်းနေတာ နေရာ ကောင်းတွေဆိုရင် ထောင်ချီတောင်းတယ်။ ပြည်သူတွေကလည်း ပိုင်ဆိုင်မှု ခိုင်မာချင်တော့ ပေးနေရတာ” ဟု ဒေတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article