အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံး အောင်မြင်ခဲ့သည့် တော်လှန်ရေး ဘက်တော်သား အချင်းချင်း သွေးကွဲစေမည့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောဆိုလိုက်သည်။
အဆိုပါ ပြောကြားချက်သည် မေလ ၃၁ရက်က ကျင်းပခဲ့သည့် “ဒို့ပြန်လာပြီ ဧရာ၀တီ၏ ပင်လယ်အရောက် ရိုးမဖောက်” စကားဝိုင်းတွင် ရဲဘော်တင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီစည်းသုံးစည်းက ဘာလဲဆိုတော့ ပထမက သွေးအေးစေမယ့်စည်း၊ အာဏာရှင်က ကျနော်တို့ သွေးအေးသွားအောင် အမျိုးမျိုး အချိန်ဆွဲခဲ့တယ်။ အမျိုးမျိုး ကောလာဟလတွေလုပ်ခဲ့တယ်။ အမျိုးမျိုး မျော်လင့်ချက်အမှားတွေ ပေးခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေက သွေးမအေးဘူး။ သွေးအေးစေမယ့်စည်းကို ကျနော်တို့ ကျော်ခဲ့ပြီ။နောက်တခုက စည်းတစည်းထပ်တားတယ်။ ဒုတိယစည်း၊ သွေးကြောင်စေတဲ့စည်း ။ ပြည်သူတွေ ကြောက်သွားအောင် တော်လှန်ရေးသမားတွေ ကြောက်သွားအောင် ရက်ရက်စက်စက် လုပ်ပြတယ်” ဟု ရဲဘော်တင်ဦးက ပြောဆိုခဲ့သည်။
အကြမ်းဖက် စစ်ကောင်စီက ရက်စက်ပြပြီး သွေးကြောင်သွားစေအောင် လုပ်ဆောင်သည့် စည်းများကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြောင်း ရဲဘော် တင်ဦးက ဆက်လက်ပြောဆိုသည်။
“သူတို့ကို ကြောက်သွားအောင်။ ဒါပေမဲ့လည်း ကျနော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအားလုံးကရော အဲဒီသွေးမကြောင်ဘဲနဲ့ အဲဒီ ဟာတွေက နာကြည်းမှုတွေ ခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တိုးခဲ့တယ်။ဒီစည်းကိုလည်း ကျနော်တို့ ကျော်နိုင်ခဲ့ပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
နောက်ဆုံးစည်းသည် တော်လှန်ရေးဘက်တော်သားများ အချင်းချင်း သွေးကွဲအောင်ဆောင်ရွက်သည့် စည်းဖြစ်ပြီး ထိုစည်းကို စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း စကားဝိုင်းတွင် ပြောဆိုခဲ့သည်။
“ကျနော်တို့ တော်လှန်ရေး သမိုင်းကြောင်းပဲ ပြန်ကြည့်ကြည့် အဖွဲ့အစည်းသမိုင်းကြောင်းတွေပဲ ပြန်ကြည့်ကြည့် ပန်းတိုင်ရောက်ခါနီးမှ ကိုယ့်အချင်းချင်း ကွဲလို့ အာဏာရှင်ကို အရှုံးပေးလိုက်ရတဲ့ သာဓကတွေအများကြီးရှိတယ်။ ဒါကြောင့်မို့ အခုကျနော်တို့က နောက်ဆုံးစည်းကိုရောက်ပြီ။ သွေးကွဲစေမယ့်စည်း။ ကျနော်တို့ အချင်းချင်းကြား၊ အထက်နဲ့အောက်ကြား၊ အဖွဲ့အစည်းအချင်းချင်းကြား။ ဘယ်နေရာလေး ဟသွားမလဲ၊ ဘယ်နေရာလေးအက်ကြောင်းထင်သွားမလဲ သွေးခွဲတယ်။ သွေးကွဲအောင်လုပ်တယ်။ ကျနော်တို့ သွေးမကွဲရင် ဒီပွဲနိုင်ပြီ”လို့ ရဲဘော်တင်ဦးက ပြောဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတဝှမ်းတွင် စစ်ရှုံးနေသောကြောင့် တော်လှန်ရေး ရဲဘော်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများ အချင်းချင်း ညီညွတ်ကြရန်လိုပြီး သွေးမကွဲကြရင် တော်လှန်ရေးအောင်နိုင်ပြီဟု ရဲဘော် တင်ဦးက ဆက်လက်ပြောဆိုသည်။
