ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF များကို လက်ပစ်ဗုံးဖြင့် လာရောက် ပစ်သွင်းတိုက်ခိုက်သည့် ထန်းပင်ကုန်းရွာ ရာအိမ်မှူး အောင်မိုးခိုင် ပြန်လည် ပစ်ခတ်ခံရပြီး သေဆုံး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ မှ ထွက်ခွာလာသည့် ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်သည် ချောင်းခွ(ကေ)ရွာ နှင့် သရက်နှစ်ဖျားလိန်ရွာ အကြားရှိ လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ သော်လည်း တော်လှန်ရေး ရဲဘော်များ အချိန်မှီ တိမ်းရှောင်နိုင်ခြင်းကြောင့် ရာအိမ်မှူး အောင်မိုးခိုင်ကို တော်လှန်ရေး ရဲဘော်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးခေါင်း တည့်တည့်ကို သေနတ်ကျည် ၃ ချက် ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ လက်ပစ်ဗုံး ၁ လုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ရာအိမ်မှူး အောင်မိုးခိုင်သည် စစ်မှုထမ်းဟောင်း ၁ ဦးဖြစ်ကာ အကြမ်းဖက် စစ်တပ် ထောက်တိုင် အမာခံတစ်ဦးလည်းဖြစ်ကြောင်း၊ ၎င်းသည် ခမရ ၆ တွင် နေထိုင်ကာ တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များကို အကြမ်းဖက် စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
“ရာအိမ်မှူးအောင်မိုးခိုင်က ရဲဘော်တွေ ထိုင်နေတာကိုမြင်ပြီး လက်ပစ်ဗုံးနဲ့လှမ်းပစ်ပါတယ်။ သူပစ်တာကို ရဲဘော်တစ်ယောက်ကမြင်ပြီး သတိပေးလို့ သစ်ပင်နားကပ်ပြီး ရှောင်လိုက်တော့ ထိခိုက်သူမရှိဘူး။ ဒီကောင်က အဲ့လိုပစ်ပြီးရော သုတ်ခြေတင်ထွက်ပြေးတယ်။ ရဲဘော်တွေလည်း ဝိုင်းလိုက်ပစ်ကြတာမှာ ခေါင်းကိုကျည်၃ချက်မှန်ပြီး သေသွားတယ်။ သူ့အကို အုပ်ကြီးဂျောစ့်ကို လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်တို့ ရှင်းလိုက်ကတည်းက မသေဘဲ ဒီကောင်က ခမရ၆မှာ သွားနေနေတာ စခတွေနဲ့ ရွာကိုပြန်လာပြီး စစ်မှုထမ်းကြေးငွေ ကောက်တယ်။ လူငယ်တွေကိုစခတွေနဲ့ပေါ်တာဆွဲတယ် အဲလိုတွေ လုပ်နေတဲ့ကောင်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီ တပ်သားများအပြင် စစ်ကောင်စီ ဒေါက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။
