ရန်ကုန်၊ ဇွန် ၃
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကျဲခုခံနေကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှစတင်ပြီး KNLA ပူးပေါင်းမဟာမိတ်တပ်များက သေ့ဘောဘိုးစခန်းကို ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းတိုက်ပွဲမှာ ယနေ့ မွန်းလွဲပိုင်းတွင် အပြင်းထန်ဆုံးဖြစ်နေပြီး စစ်ကောင်စီတပ်၏ လေယာဉ်များကလည်း အဆက်မပြတ် ဗုံးကျဲခုခံနေကြောင်း သိရှိရသည်။
“လေယာဉ်နဲ့ပတ်ပြီး ဗုံးကျဲနေတာ အကြိမ်ရေ ၅ ကြိမ်လောက်ရှိမယ်။ ဗုံးတွေကလည်း ပေါင် ၅၀၀ ဗုံးတွေဖြစ်လောက်တယ်။ ဗုံးကျဲချလိုက်ရင် ပေါက်ကွဲသံက ထိုင်းဘက်က တောင် အိမ်တွေ မြေကြီးတွေ တုန်တယ်” ဟု ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။
KNLA သတင်းရင်းမြစ်ကမူ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးရဲဘော်များက အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆိုသည်။
ထိုင်းလေတပ်ကလည်း F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်း-မြန်မာနယ်စပ်သို့ စေလွှတ် ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့သော် လည်း မြန်မာစစ်ကောင်စီ၏ လေယာဉ်များမှာ ထိုင်းလေပိုင်နက်သို့ ကျူးကျော်လာခြင်းမရှိဟုထိုင်းသတင်းများက ဆိုသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၅ ခု သာကျန်ရှိတော့ပြီး ဥကရစ်ထ၊ သေ့ဘောဘိုး၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့သာ ကျန်ရှိတော့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကရင်ပြည်နယ်ဘက်မှ ပြည်သူ ၅၀၇ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက် ပြေး တိမ်းရှောင်လာပြီး နေရာ ၃ ခုတွင် ဒုက္ခသည်များကို လက်ခံထားကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။
ထိုင်းစစ်တပ်ကလည်း တိုက်ပွဲများဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အချိန်ပြည့် ကင်းလှည့် အသင့်နေရာယူထားကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလနှင့် မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
