စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သဲကုန်းရွာကို ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၁၀ မိနစ်ခန့်တွင် အက်တောရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက သဲကုန်းရွာဘက်ကို ကင်းလှည့်ရန်ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံးပြီး ကာဘိုင် အမျိုးအစား သေနတ် ၂ လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“အက်တောဆိုတဲ့ရွာမှာ ရန်သူတွေက အင်အား ထိုင်ထားတာ ၅၀ လောက်ရှိတယ်။ သူတို့မှာက လက်နက်ကြီးတွေရှိတယ်။ လက်နက်ကြီးတွေ ထိုင်ပြီးတော့ အဲနားတစ်ဝိုက်က ရွာတွေကို ထိန်းချုပ်ထားတာပေါ့။ အဲမှာသူတို့ ကင်းလှည့်တာပေါ့။ သူတို့တွေ သဲကုန်းကို စစ်ကြောင်းထွက်လာတဲ့ အချိန်မှာ PLA ရဲဘော်တွေနဲ့ မြို့နယ် ပကဖ ၃ ခုက အဖွဲ့တွေ ပေါင်းပြီးတော့ ကြားဖြတ် တိုက်တယ်။ နံနက် ၅ နာရီ ၁၀ မိနစ်မှာ တိုက်ကျတယ်။ တိုက်ပွဲကြာချိန်က ၁၀ မိနစ် ကျော်ကျော် ၁၅ မိနစ်ပေါ့။ ရန်သူဘက်က အကျအဆုံး ၈ ယောက်ရှိတယ်။ သေနတ် ၂ လက်ပဲကောက်လို့ရတယ်။ သူတို့ အထိုင်စခန်းနဲ့ နီးတဲ့အတွက်ကြောင့် နောက်ထပ် လက်နက်တွေ မကောက်လိုက်နိုင်ဘူး။ တပ်တွေ ပြန်ဆုတ်ခဲ့ရတယ်။ အခုလောလောဆယ်ကတော့ ရန်သူတပ်တွေက ရွာတွေကိုမီးရှို့တာ ဖျက်ဆီးတာတွေတော့မတွေ့သေးဘူး။ စစ်ကြောင်းထိုးလာဖို့ ပြင်ဆင်လာတဲ့ အရိပ်အယောင်တွေတော့ မတွေ့သေးဖူး” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သော အက်တောရွာနှင့် သဲကုန်းရွာသည် မီတာ ၁၀၀၀ ခန့်သာ ကွာဝေးပြီး တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးကြောင်း၊ အက်တောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့အနီးအနားရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး ကင်းလှည့်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“အက်တောနဲ့ သဲကုန်း က မီတာ ၁၀၀၀ လောက်ပဲကွာတယ်။ တန့်ဆည်နဲ့ ဆိုရင်လည်း တန့်ဆည် အရှေ့တောင်ဘက် ၇ မိုင်လောက်ပဲ ကွာဝေးတဲ့ နေရာမှာ တိုက်ခိုက်ခဲ့တာပေါ့။ အက်တောရွာကနေပြီးတော့ တန့်ဆည် ပတ်ဝန်းကျင် တစ်ဆက်တည်းကို နေရာယူထားတာပါ။ အောင်သာယာ ၊ အက်တော ၊ ရွှေလမ်းဆုံ ၊ ကာဘိုး ၊ ကျည်ကုန်း၊ ဝက်တော တို့ အဲတကြောလုံးကို အက်တောကနေပြီးတော့ ရန်သူက ထိန်းထားတာပေါ့” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် (၂) ပကဖ နှင့် ရေဦးပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


