မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF ဂိတ်ကို လာရောက် တိုက်ခိုက်သည့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ လယ်သစ်ပျူရွာမှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်း ထားသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် တူးရွင်းဘို့ရွာအနီးရှိ PDF တပ်ဖွဲ့ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ညနေ ၅ နာရီခန့်အထိ တစ်နေကုန် နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ဂိတ်စခန်းကို ဝင်စီးတာ ကျနော်တို့က ဂိတ်ကို အသွား စစ်ခွေးတွေနဲ့ ထိပ်တိုက်တွေ့တော့ အဲဒီမှာ စပြီးပွဲဖြစ်တာ တစ်နေကုန်ကြာခဲ့တယ်။ ညနေရောက်တော့ မြင်းခြံမြို့ပေါ်ကနေ စစ်ခွေးကား ၃ စီး လာမှ ပြန်ပြီး နောက်ဆုတ်သွားတာပါ” ဟု အညာဒေသတော်လှန်ရေးအင်အားစုမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ ၊ MP 9 PDF ၊ ပြည်သူ့ ကြယ်တပွင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံ မြို့နယ်ပကဖ ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂ ၊ Wolf Guerrilla Force အဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
