တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြာင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝါးရိပ်ခွန် ရှေ့တန်းစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲသည် ၃၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင်လည်း ဝါးရိပ်ခွန် အနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၇၀ လောက်ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တန်းစခန်းကိုတော့ ပေးလိုက်ရပါတယ်။ သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေး စစ်ကြောင်းက ဝါးရိပ်ခွန် ရှေ့တန်းစခန်းကို ပြောင်ကျားပုံစံနဲ့ တက်လာတုန်း နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ” ဟု သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
