ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်တွင် အလုပ်လုပ်ရင်း ကျောင်းတက်နေသည့် ၁၀ တန်းကျောင်းသား ၁ ဦးကို ဝက်ထီးကန်ရဲစခန်းက စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်း ဝက်ထီးကန်ရဲစခန်း၏ မတရားပေါ်တာဆွဲခံလိုက်ရသူမှာ ၁၀ တန်းကျောင်းသား မောင်ဂျွန်ကိုဖြစ်ပြီး ၎င်းအလုပ်လုပ်နေသည့် ဆိုင်က ပစ္စည်းပို့ခိုင်း၍ ဝက်ထီးကန် အရှေ့ဘက် ကန်စွန်းအင်းရွာသို့ အသွားတွင် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်က ရဲစခန်းသို့ ပိုက်ဆံပေးကာ ပြန်ထုတ်ရန်ကြိုးပမ်းသော်လည်း မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ကောင်လေးက ၁၀ တန်း၊ အလုပ်လုပ်ရင်း ကျောင်းတက်ရသူပါ။ ပစ္စည်းပို့အသွားမှာ ဝက်ထီးကန် ရဲစခန်းက နောက်ကနေ ကားနဲ့ လိုက်ပြီး ဖမ်းခေါ်သွားတာ။ နောက်က လိုက်တဲ့ လူတွေကိုတော့ စစ်မှုထမ်းရမယ့် အရွယ်မို့ စစ်မှုထမ်းရမယ်လို့ ပြန်ပြောတယ်တဲ့။ ဆိုင်ပိုင်ရှင် သူဌေး ပြန်ထုတ်ဖို့ ကြိုးပမ်းတာ ပြန်ထုတ်ပေးမယ်လို့ မပြောသေးဘူး။ အခုလောလောဆယ်တော့ ဝက်ထီးကန် ရဲစခန်းမှာပဲ ရှိသေးတယ်လို့ သိရပါတယ် “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ပေါ်တာဆွဲဖမ်းဆီးရသည့် ၁၀ တန်းကျောင်းသားမောင်ဂျွန်ကိုမှာ ဝက်ထီးကန်မြို့၊အရှေ့ဘက် တလုပ်ပင်ရွာမှ ဖြစ်ပြီး ဝက်ထီးကန်မြို့ပေါ်တွင် မကြာခဏဆိုသလို လူငယ်များကို ပေါ်တာဆွဲခြင်းများ ဖြစ်ပေါ်နေ၍ ပြည်သူများ ထိတ်လန့်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၄ အတွက် လူငယ်များကို စစ်သားအဖြစ် စုဆောင်းမှုများ စလုပ်ဆောင်နေကြောင်း ပြည်နယ်မြို့နယ်မှ ဒေသပြည်သူတချို့ထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းတက်ရောက်ရန် ခေါ်ဆောင်ခံထားရသည့် လူငယ်တချို့ ။
