အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် တရုတ်သံရုံးရှေ့တွင် အမေရိကန်စံတော်ချိန် ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂နာရီမှ ၅နာရီအထိ မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံပါဝင်စွက်ဖက်နေမှုအပေါ် အမေရိကန်ရောက် မြန်မာများက ကန့်ကွက်ဆန္ဒထုတ်ဖော်ကြသည်။
ထိုဆန္ဒပြပွဲတွင် အမေရိကန်ရောက် နိုင်ငံရေးသမားများ၊ သရုပ်ဆောင် ခါရာ၊ တေးရေး/တေးဆို လင်းထက်၊ ထက်အောင်ရှိုင်းအပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ လူငယ်မျိုးဆက်သစ်များက စစ်ကောင်စီကိုထောက်ခံကူညီနေသော တရုတ်အစိုးရကို မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ပေးရန် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ခေတ်အဆက်ဆက်အစိုးရတွေရဲ့ ညံ့ဖျင်းမှုကြောင့် တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ရက်ရက်စက်စက်နဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ခဲ့တယ် ဆိုတာဟာလည်း လက်ရှိလူကြီးမင်းတို့အသိပဲဖြစ်ပါတယ်။ ကျွန်ဇာတ်သွင်းတဲ့ပုံစံမျိုးကို မလုပ်ဖို့ကိုတော့ ဒီနေရာကနေ လေးလေးနက်နက်နဲ့ သတိပေးလိုပါတယ်”ဟု အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော စာရေးဆရာ မြောင်းမြဘဆွေ၏ သားဖြစ်သူ ဦးကျော်ဆွေဝင်းက ဆန္ဒပြပွဲတွင် ပြောသည်။
“ကျွန်တော်တို့မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို ဘယ်လောက်ဆာလောင်နေလဲဆိုတာ လမ်းတွေပေါ်မှာလည်း သက်သေပြပြီးပြီ၊ အသက်တွေနဲ့လည်း သက်သေပြပြီးပြီ၊ ကျွန်တော်တို့မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဗုံးကျဲခံနေရတယ်၊ ဒုက္ခရောက်နေကြတယ်။ မြန်မာ့နိုင်ငံရေးမှာ တရုတ်ပါဝင်မှုကို ပြင်းထန်စွာ ရှုပ်ချပါတယ်”ဟု တေးရေး တေးဆို လင်းထက်က ဆိုသည်။
သရုပ်ဆောင် ခါရာကလည်း အခုချိန်အထိကို စည်းစည်းလုံးလုံးနှင့်ဆက်လက်ပြီး တိုက်ပွဲဝင်နေသည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း၊ ရှီကျင့်ဖျင်ခေါင်းဆောင်သည့် တရုတ်အစိုးရအနေနှင့် မြန်မာ့ပြည်တွင်းရေးတွင် ထဲထဲဝင်ဝင် ပါဝင်စွက်ဖက်နေမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို တရုတ်ဘာသာစကားနှင့်ပါ တောင်းဆိုဆန္ဒထုတ်ဖော်စကားကို ပြောကြားသည်။
ယနေ့ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် တရားမဝင်စစ်အစိုးရကို ထောက်ခံနေမှုမျိုးစုံကို ရပ်တန့်ပေးရန်၊ မြန်မာပြည်သူများ၏ အချုပ်အချာအာဏာနှင့် ဒီမိုကရေစီကို လေးစားရန်၊ စစ်အုပ်ချုပ်ရေးကို တွန်းလှန်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို အသုံးပြုခြင်းကို အဆုံးသတ်ရန်၊ အကြမ်းဖက်လူနည်းစု၏ အကျိုးစီးပွားကိုသာမက မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်များကို ရောင်ပြန်ဟပ်သည့် စစ်မှန်သော အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပေးရန်တို့ကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူမြန်မာများက တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အထက်ပါတောင်းဆိုချက်များ မရမချင်း ကမ္ဘာအဝှမ်းတွင် ကန့်ကွက်ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဝါရှင်တန်စီဒီ DMV ဧရိယာ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ ပန်ဆယ်ဗေးနီးယား၊ မြောက်ကာရိုလိုင်းနား၊ နယူးယောက်မှ မြန်မာအသိုင်းအဝိုင်းက စုပေါင်းထုတ်ပြန်ချက်ကို ကြေညာသည်။
ဓာတ်ပုံ- ခေတ်သစ်မီဒီယာ


