စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းရှိ ကန်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂ ရက်နေ့မှစတင်၍ ပုလဲမြို့နယ်၊ ပုလဲ -ဂန့်ဂေါ လမ်းပိုင်းရှိ ကန်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်။
ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့ချိန်ထိ အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေယာဉ်ဖြင့် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာပေါင်း ၂၀ ခန့်မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စခန်းသိမ်းတိုက်ပွဲက မပြီးသေးဘူး။ စစ်ခွေးတွေဘက်က Y12 နဲ့ချလိုက် ဂျက်ဖိုက်တာနဲ့ ချလိုက် မနေ့ကဆိုရင် စက်တပ်လေထီးတွေနဲ့ ညဘက်တွေပါ ချနေတာ ဂျက်ဖိုက်တာနဲ့ချတာက ပိတောက်ကုန်း ရွာက နွား ၃ ကောင်သေတယ်။ ကြက်ရင်းမှာက လူ ၆ ယောက်မှာ ၅ ယောက်ဒဏ်ရာအပြင်းအထန် ရတယ်။ အဖွားအိုတစ်ယောက်က ခေါင်းကို ကျည်စထိမှန်ပြီးသေတာ လေယာဉ်ကတော့ နေ့တိုင်း တာပဲ ဒီနေ့လည်း Y12 နဲ့ ဗုံးအလုံးရေ ၅၀ လောက်ချသွားတယ်။ ဂျက်ဖိုက်တာနဲ့ကလည်း အဆက် မပြတ်တက်လာပြီး ဗုံးကျဲတာရော ပစ်တာရောလုပ်နေတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း မင်းတိုင်ပင် ကျေးရွာ အထက်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ခေါင်းပြတ်သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ ကြောင်း၊ ထို့ပြင်အကြမ်းဖက် စစ်တပ်က အင်မထီးကျေးရွာ ပျူစောထီးစခန်းကို ထောက်ပို့ရဟတ်ယာဉ်ဖြင့် စစ်သားအင်အား အပြည့်တင်ဆောင်ကာ ၇ ကြိမ်ခန့် ဖြည့်တင်းထားကြောင်း သိရသည်။
“အင်မထီးတော့ ရဟတ်ယာဉ်နဲ့ ၇ ခေါက်ချထားတယ်။ တိုက်ပွဲဖြစ်တဲ့ ၁ ရက်နေ့ကတည်းကစပြီး ဂျက်ဖိုက်နဲ့က ၂ စီးတွဲချည်းပဲ တက်လာပြီး တိုက်နေတာ၊ Y12 နဲ့ကလည်း တစ်ခါချရင် ၁ နာရီ၊ ၂ နာရီ အဲလိုလှည့်ပတ်ချနေတာ၊ တစ်ခါချရင် ဗုံးအလုံး ၄၀ ၊ ၅၀ အဲလိုချတာ၊ စက်တပ်လေထီးနဲ့ကလည်း ညတုန်းကလည်း လာချသေးတယ်၊ တိုက်ပွဲအခြေအနေကတော့ ဘာမှ မသိရသေးဘူး။ ဘေးရှောင် နေရတဲ့ပြည်သူတွေကလည်းများတယ်၊ လေကြောင်းကတော့ ကြောက်နေရတယ်” ဟု တော်လှန် ရေး သတင်းမြစ်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် သာစည်၊ သရက်လှ၊ ရွာသစ် ၊ ညောင်ရင်း၊ သရက်ကန်၊ တလိုင်းကန်၊ ကြောင်ဝမ်းဒူး။ အောင်ချမ်းသာ၊ ကိုးပင်တို့အပါအဝင် ကန်ဒေါင့်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
