28 C
Yangon

ကော့ကရိတ်နှင့်ကျုံဒိုးတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ အထိနာ၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ ဇွန် ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တို့တွင် စစ်တပ်က စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့မှစတင်ပြီး စစ်တပ်က စစ်ကြောင်းများခွဲ၍ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်တို့ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ဇွန်လ ၇ ရက်နေ့တွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ၁ စီးက ကော့ကရိတ်မြို့နယ်၊ ကျုံပိုင်းကျေးရွာ၊ တောင်ကုန်းဘက်သို့ ဗုံး ၂ လုံးကျဲချခဲ့ရာ လူထိခိုက်မှုမရှိကြောင်း၊ ဇွန်လ ၇ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ စကခ ၁၂ က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရေပူကြီးကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၇ ရက်နေ့ ကော့ကရိတ်မြို့နယ် အုန်းတစ်ပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ Y 12 လေယာဉ်က အုန်းတစ်ပင်ကျေးရွာ၊ ၇ တိုင်ကျေးရွာ ၊ အင်းကြီးကျေးရွာ နှင့်နွားခြံကုန်းကျေးရွာတို့ကို ဗုံးများ ကျဲချခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးပေ။

ထို့ပြင် ကော့ကရိတ်မြို့နယ်၊ ကမ်းနီ၊ ကော့ဝါလဲ ရွာကိုလည်း စ်စကောင်စီတပ်၏ ခမရ ၅၄၅တပ်က လက် နက်ကြီး များဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ကော့ကရိတ်နှင့် ကျုံဒိုးသို့ ထိုးစစ်ဆင်ရာတွင် လေယာဉ်များအပြင် ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ MLRS အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ လက်ရှိ တိုက်ပွဲများမှာ ကိုးတိုင်၊ ခုနှစ်တိုင်၊ ချောင်းဖျားနှင့် အုန်းတစ်ပင်ကျေးရွာ အပါအဝင် စုစုပေါင်း နေရာ ၄ ခုတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။

KNLA အပါအဝင် တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ခမရ ၅၄၅ တပ်အနီးရှိ ဇိနမာရ်အောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို ရှော့တိုက်ဒုံးများဖြင့် KNLA ကပစ်ခတ်ရာ စစ်သား ၆ ဦး ထိမှန်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၁ ဦးမှာမူ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် Lion Battalion စစ်ကြောင်းက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article