မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၂၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က သံဘိုရွာသစ် အရှေ့ဘက်ကို စက်တပ်လေထီးဖြင့် ဗုံးသီး ၁၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၄ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၁၁ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးဖြင့် နဘူးကျင်းရွာနှင့် ထောက်ရှာကျင်းရွာ အနီးတစ်ဝိုက်ကို ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီ ၄၈ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီးများက မကျီးချို ကျေးရွာအုပ်စုနှင့် ဆီမီးကန် ကျေးရွာအုပ်စုများကို ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်း နံနက် ၃ နာရီခန့်တွင် သံဘိုရွာ အရှေ့ပိုင်းကို စက်တပ် လေထီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် ကျေးရွာများအတွင်း အိပ်စက်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အကြမ်းဖက် စစ်တပ်က ညအချိန် ပြည်သူတွေ အိပ်စက်နေချိန်ကို အခွင့်ကောင်းယူပြီး လေကြောင်းနဲ့ ဆက်တိုက်ဗုံးကျဲ နေလို့ ပြည်သူတွေ အနေနဲ့ သတိပြု နေထိုင်ကြဖို အသိပေး ပြာကြားချင်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော ပြည်သူပိုင်နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)
