ရန်ကုန်၊ ဇွန် ၁၀
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ခမရ ၄၄၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အမှတ် ၂၇ စစ်ဗျူဟာနှင့် တပ်မဟာ ၁ PDFတာဝန်ခံ ကိုအေးမင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၈ရက်နေ့ ဒိုက်ဦးမြို့နယ် ခမရ ၄၄၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် လက်နက်၊ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ဗျူဟာ ၂၇ သို့ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း
အလင်းဝင်ရောက်လာသည့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းခံရ သူများဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၃ နှင့် စစ်မှုထမ်း အပတ်စဉ် ၈ က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေကနေတဆင့် ဗျူဟာထောက်လှမ်းရေးတွေကိုဆက်သွယ်ပြီး၊ ရောက်ရှိလာကြတာဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက စစ်မှုထမ်းတပ်သားသစ်တွေပါပဲ။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ်တွေက မကွေးတစ်ယောက်နဲ့ ရန်ကုန်တစ်ယောက်ကပါ။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ်က စစ်မှုထမ်း သင်တန်းအပတ်စဉ်ကတော့ အပတ်စဉ် ၃/၂၀၂၄နှင့် အပတ် ၈/၂၀၂၄ ကပါ။ အပတ်စဉ်မတူကြဘူး။ စစ်မှုထမ်း တပ်သားသစ်က စစ်မှုထမ်းသင်တန်းကို ၃/၂၀၂၄ကဗထူး၊ ၈/၂၀၂၄က ဂျိုးဖြူ မှ သင်တန်းတက်ရောက်ခဲ့တာပါ။ နှစ်ယောက်စလုံးကပေါ်တာဆွဲခံရတာပါ။ တစ်ယောက်ကစျေးဝယ်ထွက်ရင်းပေါ်တာဆွဲခံရတာပါ။ နောက်တစ်ယောက် အိမ်မှာ ညဘက် ဆွဲခံရတာပါ။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ဂုဏ်ပြုဆုငွေ ချီးမြှင့်မှာပါ”ဟု အမှတ် ၂၇ စစ်ဗျူဟာနှင့် တပ်မဟာ ၁ PDFတာဝန်ခံ ကိုအေးမင်းထွန်းကပြောဆိုသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် ခလရ ၂၉၉ မှ စစ်မှုထမ်းတပ်သားသစ် ဇေဇေအောင်နှင့် ညီညီသက်တို့ ၂ ဦးကလည်း လက်နက်ခဲယမ်းများနှင့်အတူ ရေးပြောက်ကျားတပ်၊ ဒေါနစစ်ကြောင်း ၂ ထံသို့ MA – 1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက်၊ ကျည် ၁၂၃ တောင့်တို့နှင့် အတူ အလင်းဝင်ရောက်လာကြောင်း သိရှိရသည်။


