မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ် ၂ ခု ယနေ့နံနက်ပိုင်း နွာထိုးကြီးနှင့်မတ္တရာမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး မန္တလေးနှင့်နေပြည်တော်တွင် သိသိသာသာ ခံစားသိရှိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့ ၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ နံနက် ၃ နာရီ ၃၁ မိနစ်အချိန် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၆ နာရီ ၁၂ မိနစ်အချိန် မန္တလေးတိုင်း၊ မတ္တရာမြို့၏ တောင်-အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်(ခ်)တာစ ကေး ၃ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ယနေ့ နံနက်ပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ငယ် ၂ ခုမှာ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်များဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ပေါ်မှ ငလျင်များဖြစ်သည်ဟုဆိုသည်။
ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ငယ် ၂ ခု အနက် နံနက် ၆ နာရီ ၁၂ မိနစ်အချိန် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးနှင့် နေပြည်တော်မှ ပြည်သူများ သိသာစွာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“ဒုတ်ဆိုတဲ့အသံကြီးနဲ့ နေတဲ့ အိမ်တစ်ချက်လှုပ်သွားတယ်။ အချိန်တော့ အရမ်းမကြာပေမယ့် လှုပ်တာ တော်တော်ကြီးကို သိသာတယ်” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတွင်လည်း ယနေ့ နံနက် ၆ နာရီ ၁၂ မိနစ်အချိန် လှုပ်ခတ်ခဲ့သော ငလျင်ကို သိသာစွာ ခံစားသိရှိရပြီး နောက်ဆက်တွဲ ငလျင်များ မပြီးသေး၍ စိတ်ပျက်မိကြောင်း မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။
“ဘုရားဆွမ်းတော်ကပ်နေတဲ့အချိန် အိမ်ကလည်း တစ်ချက် လှုပ်သွားသလို သောက်တော်ရေခွက်ကလည်း ရေတွေ ဖိတ်ကုန်တယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၃ လနီးပါးဖြစ်လာပြီး အခုထက်ထိ နောက်ဆက်တွဲ ငလျင်တွေ မပြီးသေးတာ စိတ်ပျက်တယ်” ဟု မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ အိမ်ရှင်မ အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လူ ၄၀၀၀ နီးပါး သေဆုံးခဲ့ရသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးသော်လည်း တိမ်းစောင်းနေသော အန္တရာယ်ရှိ အဆောက်အအုံများဖြင့် အတူ တွေ့မြင်နေရဆဲ မန္တလေးမြို့။
